ကျောက်သေတ္တာစေတီ မိုင်းခွဲဖြိုချမှုမပြုဘဲ ဘေးရန်ကင်းရေး ထိန်းသိမ်းဆောင်ရွက်ရန်ပါ မှာကြား

၁၅. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရန်နှင့် ဘိလပ်မြေစက်ရုံအား အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။

SAC ဥက္ကဋ္ဌသည် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှုများနှင့် လူနာများအား သွားရောက်ကြည့်ရှု၍ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီးနောက် ဆေးရုံကြီးအတွင်း ထိခိုက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများအား ဆက်လက်သုံးစွဲရန် သင့်/မသင့် စစ်ဆေးဆောင်ရွက်သွားရန်နှင့် စနစ်တကျစစ်ဆေးပြီးမှသာ သုံးစွဲရန်သင့်သော အာမခံချက်ရှိသည့် အဆောက်အဦများကိုသာ ပြန်လည်ပြုပြင်သုံးစွဲရန်အပြင် ဝန်ထမ်းများအတွက် လိုအပ်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ပြန်လည်တည်ဆောက်ပေးသွားရန် မှာကြားခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ သွားရောက်စစ်ဆေးကာ အဆောက်အဦ အပျက်အစီးများ ရှင်းလင်းဖယ်ရှား၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ကျောင်းအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေတို့ကို အမြန်ဆုံးရှင်းလင်းရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
ထို့ပြင် SAC ဥက္ကဋ္ဌသည် ရွှေသာလျောင်းတောင်တော်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်သွားသော ကျောက်သေတ္တာစေတီ တည်ရှိနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျောက်သေတ္တာစေတီနေရာအား Drone ဖြင့် အသေးစိတ်ရိုက်ကူး၍ အချက်အလက်ရယူရန်၊ မိုင်းခွဲဖြိုချ ခြင်းမပြုရန်၊ တောင်အောက်ရှိ အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ကျောက်သေတ္တာ ကြီးအောက်ခြေမှနေ၍ အရည်အသွေးပြည့်မီသည့် ကွန်ကရစ်များဖြင့် RC လောင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကျောက်တုံးတော်ကြီးအောက်ရှိ ဈေးဆိုင်တန်းများ အန္တရာယ်မဖြစ်စေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် SAC ဥက္ကဋ္ဌသည် ကျောက်ဆည်မြို့၊ ဆင်မင်းဘိလပ်မြေစက်ရုံသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အဦများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ အဆောက်အဦအပျက်အစီးများအား အပိုင်းလိုက်ခွဲ၍ ရှင်းလင်းဖယ်ရှားရန်နှင့် ပြင်ဆင်စရာရှိသည်များအား ယခင်ထက်ပိုမို ကောင်းမွန်အောင် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားရန်နှင့် စက်ရုံအမြန်ဆုံးပြန် လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။