
၁၅.၄.၂၀၂၅
Written By Zun
ထိုင်းသင်္ကြန်ပွဲတွင် ရေကစားရင်း မြန်မာ ၈ ဦးက အခြား မြန်မာ ၁ ဦးကို ရိုက်၍ ထိပ်ကွဲခေါင်းကွဲ ဖြစ်မှု တစ်ခု ယမန်နေ့ ဧပြီလ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြကြသည်။
ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်၊ မူယန်င်မြို့နယ်တွင် ကျင်းပနေသော ဆုန်ခရန်ပွဲတော် (သင်္ကြန်) တွင် ရေကစားရင်း စကားများရန်ဖြစ်ကြရာက လူ ၈ ဦးအဖွဲ့က တစ်ဦးတည်းကို ပုလင်းဖြင့် ဝိုင်းရိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဦးခေါင်းကွဲသွားသည့် မြန်မာနိုင်ငံသားအား ထိုင်းလွမ့်ကတန်ယူလူမှုကူညီအဖွဲ့က စမွတ်ပရာကန် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
တစ်ဦးကို ဝိုင်းရိုက်သည့် ၈ ဦးပါအဖွဲ့မှာ ထွက်ပြေးသွားသောကြောင့် ရဲတပ်ဖွဲ့က ယင်းမြန်မာနိုင်ငံသား ၈ ဦးအဖွဲ့ကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၁၄ ရက် ညနေပိုင်းကလည်း စမွတ် ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေ၊ ဝေလ (၁၇) လမ်းတွင် မြန်မာနိုင်ငံသားအဖွဲ့နှစ်ဖွဲ့ ရေကစားရင်း စကားများရန်ဖြစ်ခဲ့ကြခြင်း ကြောင့် မြန်မာနိုင်ငံသား အသက် ၂၅ နှစ်အရွယ် ဇေယျကျော်ဆိုသူ သေဆုံးခဲ့ကြောင်း MT News တွင် ဖော်ပြခဲ့သေးသည်။
ထိုနေ့တွင်ပင် ချွန်ဘူရီ၌လည်း မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုကြောင့် အကိုဖြစ်သူသေဆုံးပြီး ညီဖြစ်သူဒဏ်ရာရမှုလည်း ဖြစ်ပွားခဲ့သေးသည်။