
၁၅.၄.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၄)၊ ၄၃လမ်း၊ လမ်းသွယ် (၂)ရှိ စက်သုံးဆီ ဂိုဒေါင်၌ ဧပြီလ ၁၄ ရက် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သန္တိသုခလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုမှာ ရွှေပြည်သာ စားသုံးဆီလုပ်ငန်းရှိ အလျား ၅၅ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုးသွပ်ကာ ၅ ထပ်သားခင်း၊ ၂ ထပ် စားသုံးဆီဂိုထောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားတစ်ဦးက ဆီဂိုထောင်အပေါ်ထပ်၌ အလုပ်နားချိန် အိပ်ရာဘေး၌ ဆေးလိပ်သောက်ပြီးချထားရာမှ ခေါင်းအုံးပေါ် မီးစကျရာက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် စားသုံးဆီ ဂိုဒေါင်နှင့် စားသုံးဆီများ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကို လာရောက်ငြှိမ်းသတ်သူ သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းသား ၃ဦးမှာ အောက်ဆီဂျင်ပြတ်လတ်မှုနှင့် ထိခိုက်ရှနာ ရရှိခဲ့သဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။
“အသင်းသားနှစ်ယောက်ကတော့ လိုအပ်တဲ့ဆေးကုသမှုခံယူပြီး ပြန်ဆင်းလာပါပြီ။ တစ်ယောက်ကတော့ ဆေးကုသမှုခံယူနေရတုန်းပါ ” ဟု သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းဝင် တစ်ဦးက ပြောသည်။
မီးလောင်မှုမှာ မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္တိသုခလူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်လူမှုကူညီရေးအသင်းတို့မှ အသင်းဝင်များနှင့်ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
ဂိုထောင်မီးလောင်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ကိုလင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။