
၁၅.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်အစိုးရက ထိုင်းနိုင်ငံမှသွင်းကုန်များကို အပြန်အလှန်ကုန်သွယ်စည်းကြပ်ခွန် ၃၆ ရာခိုင်နှုန်း သတ်မှတ်ခဲ့ခြင်းမှ သက်သာစေရန်အတွက် ထိုင်းနိုင်ငံအစိုးရက ထရန့်အစိုးရတာဝန်ရှိသူများနှင့် လာမည့်အပတ်အတွင်း ညှိနှိုင်းဆွေးနွေးမှုပြုသွားမည်ဖြစ်ရာ ထိုင်းတာဝန်ရှိသူများက အမေရိကန်နှင့် ကုန်သွယ်ရေးမဟာဗျူဟာတစ်ရပ်ကို အပြီးသတ်ချမှတ်ထားကြောင်း သိရသည်။
ထိုမဟာဗျူဟာအရ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ထိုင်းနိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ ၄၆ ဘီလျံ ခန့် အသာစီးရနေမှုကို ဖြတ်တောက်ရန် အဆိုပြုချက်များလည်း ပါဝင်မည်ဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာဂျီရာ ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့က အမေရိကန်အစိုးရ ကုန်သွယ်ရေးအရာရှိများနှင့် ဧပြီလ ၂၁ ရက်တွင်ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်နေကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယု ဟောင်ဆပ်က ဧပြီလ ၁၄ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ပီချိုင်းက ထိုရက်သတ္တပတ်နောက်ပိုင်း၌မူ ဆီတယ်လ်မြို့သို့ ဆက်လက်သွားရောက်၍ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဟု ဂျီရာယုက ဆက်လက်ပြောခဲ့သည်။
ဂျီရာယုက ထိုင်းကိုယ်စားလှယ်အဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပီချိုင်းနာ ရစ်သာဖန်လည်းပါဝင်မည်ဖြစ်ကာ ၎င်းက ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အပြုသဘောဆောင်သော မိတ်ဖက်တစ်ဦးဖြစ်သည်ဆိုသည့် အခြေခံမူကို စောင့်ထိန်းသွားလိမ့်မည်ဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးညီမျှမှုကို ဖန်တီးရန်နှင့် အဓွန့်ရှည်စီးပွားရေးလက်တွဲဖက်အဖြစ် ခိုင်မာစွာတည်ဆောက်သွားရန်တို့ကိုလည်း ဆောင်ရွက်မည်ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ က ထိုင်းနိုင်ငံမှ ပို့ကုန်များကို ၎င်း၏အကြီးမားဆုံး ပြည်ပဈေးကွက်လည်းဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ အစိုးရက သတ်မှတ်ခဲ့သော ကုန်သွယ်စည်းကြပ်ခွန်များမှာ မျှော်လင့်ထားသည်ထက်ပို၍ မြင့်မားနေကြောင်း၊ အကယ်၍ ညှိနှိုင်းမှုပြု၍ မအောင်မြင်ခဲ့လျှင် ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ယခုနှစ်တွင် အနည်းဆုံးတစ်ရာခိုင်နှုန်းလျော့ကျစေမည်ဟုလည်း ဆိုခဲ့သည်။
ထိုင်းအစိုးရက ၎င်းအနေနှင့် ထိုင်းနိုင်ငံ၏တိရစ္ဘာန်အစာလုပ်ငန်းအတွက် ပြောင်းကဲ့သို့ လယ်ယာထွက်ကုန်များ၊ သဘာဝဓာတ်ငွေ့နှင့်အီသိန်းတို့ပါဝင်သော စွမ်းအင်ထုတ်ကုန်များကို အမေရိကန်မှ ပိုမိုတင်သွင်းမှုပြုလိုပြီး သွင်းကုန်များအတွက် အခွန်များလျှော့ချကာ ကုန်သွယ်မှုမဟုတ်သောအတားအဆီးများကိုလည်း ဖယ်ရှားပေးလိုကြောင်း လူသိရှင်ကြားပြောခဲ့သည်။
အမေရိကန်နှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးမှာ ဒေါ်နယ်ထရန့်သမ္မတအဖြစ်ပထမသက်တမ်းကာလအစက ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်ရေး အသာစီး ပိုငွေ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံခန့်သာ ရှိခဲ့သည်။ သို့သော် ယခုအခါ နှစ်ဆကျော်တိုးကာ ထိုင်းနိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ ၄၆ ဘီလျံခန့် အသာစီးရနေခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးတွင်မူ ထိုင်းဘက်မှ ၂၀၁၈ ခုနှစ်တွင် လိုငွေ ဒေါ်လာ ၂၀ ဘီလျံခန့်ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ၄၅ ဘီလျံအထိ မြင့်တက်ခဲ့သည်။
ထိုင်းနိုင်ငံ၏ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးကို အဆင်ပြေစေရန် ညှိနှိုင်းဆွေးနွေးမှုတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းအဖွဲ့များနှင့်ကျွမ်းကျင်သူများထံမှ အကြံပြုချက်ရယူကာ ဝန်ကြီးချုပ် ပေတုံတန် ခေါင်းဆောင်သော လုပ်ငန်းအဖွဲ့က အတည်ပြုထားသည့် မဟာဗျူဟာအပေါ်အခြေခံသွားမည်ဟုသိရသည်။
Ref- Bangkok Post