
၁၅.၄.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုတွေကို များစွာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်က သင်္ကြန် အကြတ်နေ့မှာတော့ ကျောက်ဆည်မြို့က ငလျင်ဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်သွား ရောက်လှူဒါန်းခဲ့ပါတယ်။
“သင်္ကြန်အကြတ်နေ့ အလှူအမှတ်တရလေးပါ။ ကျောက်ဆည်မြို့က ငလျင်ဘေးသင့် ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက်ပြီးတော့ အားပေး နှစ်သိမ့်စကားတွေလည်း ပြောခဲ့ပါတယ်”လို့ မြင့်မြတ်က ဆိုပါတယ်။

သူကတော့ အဆိုပါ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၁၀၀ကို မ,တည်ပြီးတော့ လှူဒါန်းခဲ့သူလည်း ဖြစ်ပြီးတော့ အနုပညာအသိုင်းအဝိုင်းကသူတွေလည်း ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
အနုပညာရှင်တချို့နဲ့ ခုနစ်ရက်သားသမီးတွေ ပါဝင်ထားတဲ့ အလှူငွေ စုစုပေါင်း ကျပ်သိန်း ၃၀၀ ကို တစ်အိမ်ထောင်စုကို ကျပ် ၁ သိန်းနှုန်းနဲ့ အိမ်ထောင်စု ၃၀၀ စာကို လှူဒါန်းခဲ့ပြီး ဆန်၊ ဆီ၊ ရေသန့်၊ ငါးသေတ္တာ Royal D၊ ခေါက်ဆွဲခြောက်တွေကိုလည်း အိမ်ထောင်စု ၅၀၀ စာအတွက်လည်းလှူဒါန်းခဲ့တာပါ။

ပြီးခဲ့ရက်ပိုင်းကလည်း မန္တလေးမြို့ အောင်မြေသာဇံမှာလည်း အနုပညာညီအကိုမောင်နှမတွေနဲ့ မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့တဲ့ တိပိဋကဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်အတွက်လည်း ကျပ်သိန်း ၅၀၀ ပါဝင်လှူဒါန်းခဲ့ကြပါသေးတယ်။