အဆောက်အအုံပြိုကျမှု၌ပါသွားခဲ့သော မြန်မာအလုပ်သမားများ၏ မျိုးဗီဇနမူနာများစုဆောင်းပေးရန် မြန်မာသံရုံးသို့ ပြောကြားထား

၁၅.၄.၂၀၂၅
Translated by Htwe Ko Tun
မတ်လ ၂၈ ရက်က မြန်မာနှင့် ထိုင်းနှစ်နိုင်ငံတို့တွင် လှုပ်ခတ်သွားခဲ့သော ပြင်းအားမြင့်ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြိုကျခဲ့သော အထပ် ၃၀ ရှိ ဆောက်လုပ်ဆဲ နိုင်ငံတော် ငွေစာရင်းစစ်ရုံး အဆောက်အအုံ၏ အပျက်အစီးများအောက်တွင် ဧပြီလ ၁၅ ရက်ထိ တွေ့ရှိခဲ့သောသေဆုံးသူအလုပ်သမားများ၏ ခန္ဓာကိုယ်များမှာ ၄၄ ယောက်အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ဘန်ကောက်မြို့ ဒုတိယ အုပ်ချုပ်ရေးမှူး တာဗီဒါ ကာမိုလ်ဗက်ဂျ်က ဧပြီလ ၁၄ ရက်ညတွင် သေဆုံးနေသူနှစ်ဦး၏အလောင်းများနှင့် လူ့ခန္ဓာကိုယ်အပိုင်းအစ ၂၄ တို့ကို အပျက်အစီးများအောက်တွင် ထပ်မံ တွေ့ရှိခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းတို့ကို မည်သူမည်ဝါ ခွဲခြားဖေါ်ထုတ်နိုင်ရန် ရဲတပ်ဖွဲ့မှုခင်းဆေးပညာ စစ်ဆေးရေးအတွက် ပို့ထားကြောင်းလည်း ၎င်းကပြောခဲ့သည်။

မြန်မာနိုင်ငံသားများအပါအဝင် သေဆုံးကြောင်း တရားဝင်အတည်ပြုနိုင်ခဲ့သူ ဦးရေမှာ ဧပြီလ ၁၄ ရက်ညတွင် ၄၀ ဦးသာရှိရာမှ ဧပြီလ ၁၅ ရက်နံနက်တွင် ၄၄ ဦးအထိ မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ပြောကြားချက်အရ ချာတူချတ်ခရိုင်ရှိ အဆိုပါ ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှု၌ ဒဏ်ရာရအသက်ရှင်ကျန်ရစ်သူ ကိုးဦးရှိခဲ့ပြီး တွန့်လိမ် ကွေးကောက်နေသော သံမဏိအပိုင်းအစများနှင့် အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူ ၅၀ ဦးကို ရှာဖွေရေးသမားများက ရှာဖွေဆဲဖြစ်ကြောင်းလည်း သိရသည်။
သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးနေသည်ဟု သိရသူ စုစုပေါင်း ၁၀၃ ဦးအနက် ၉၁ ဦး၏မိသားစုဆွေမျိုးများက စစ်ဆေးမှုနှင့်မည်သူမည်ဝါခွဲခြားမှုတို့ပြုနိုင်ရန် မျိုးဗီဇနမူနာများ လာရောက်ပေးအပ်ကြသည်ဟုလည်း တာဗီဒါက ပြောခဲ့သည်။
ထိုင်းတာဝန်ရှိသူများက အဆောက်အအုံပြိုကျမှု၌ပါသွားခဲ့သော မြန်မာအလုပ်သမားများကို မည်သူမည်ဝါခွဲခြားနိုင်ရန် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ပြည်သူများထံမှ မျိုးဗီဇနမူနာများကို စုဆောင်းပေးရန် ထိုင်းတာဝန်ရှိသူများက မြန်မာသံရုံးသို့ ပြောကြားထားသည်။
တာဗီဒါက သံမဏိချောင်းများစွာက ကယ်ဆယ်ရေးသမားများ သေဆုံးသူများ၏အလောင်းများထံသို့ သွားရာလမ်းများ တွင်ပိတ်ဆို့နေကြကြောင်းလည်း ပြောခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက သေဆုံးသူတိုင်း၏ဈာပနအခမ်းအနားများအတွက် ဘတ်ငွေ ၁၀၀,၀၀၀ စီ ထောက်ပံ့သွားမည်ဟုလည်း သိရသည်။
ယင်း အထပ် ၃၀ ရှိဆောက်လုပ်ဆဲ နိုင်ငံတော်ငွေစာရင်းစစ်အဆောက်အအုံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ရှိ မန္တလေးငလျင်အတွင်းပြိုကျခဲ့ရခြင်းဖြစ်သည်။
Ref- Bangkok Post