
၁၅.၄. ၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တိဘက်ပြည်နယ်နှင့်ဆက်စပ်နေသောကိစ္စများတွင် ဆိုးရွားစွာပြုမူခဲ့ကြသော အမေရိကန်နိုင်ငံသား လူပုဂ္ဂိုလ်အချို့အား ပြည်ဝင်ခွင့်ဗီဇာတင်းကျပ်မှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တိဘက်နယ်မြေများသို့ နိုင်ငံခြားသားများဝင်ရောက်မှုကို စီမံထိန်းချုပ်သော မူဝါဒများနှင့်ဆက်စပ်နေသည့် တရုတ်အစိုးရတာဝန်ရှိသူများအား အမေရိကန်အစိုးရက လွန်ခဲ့သည့်နှစ်ပတ်က ပြည်ဝင်ခွင့်ဗီဇာ တင်းကျပ်မှုများပြုလုပ်ခဲ့ပြီးနောက် တရုတ်အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုကို သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြန်လည်ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် တရုတ်နိုင်ငံအတွင်း တိဘက်ပြည်နယ်နှင့် တိဘက်လူမျိုးများနေထိုင်ရာဒေသများသို့ အမေရိကန်သံတမန်များ၊ သတင်းစာ ဆရာများနှင့် အခြားနိုင်ငံတကာလေ့လာသူများအား ဝင်ရောက်ခွင့်ပေးရန် လက်မခံဘဲ ငြင်းပယ်ခဲ့သည်ဟု အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်။ ထို့ပြင် ထိုဒေသများသို့ အမေရိကန်သံတမန်များနှင့် အခြားပုဂ္ဂိုလ်များကိုပါ တင်းကျပ်မှုမရှိဘဲ ဝင်ရောက်ခွင့်ပေးရန် အမေရိကန်အစိုးရက တောင်းဆိုခဲ့သည်။
တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်ဂျင်းက တိဘက်ပြည်နယ်နှင့်ဆက်စပ်နေသော ကိစ္စများက တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများသာဖြစ်ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် တိဘက်ကိစ္စနှင့်ပတ်သက်၍ ဗီဇာတင်းကျပ်ထားမှုအပေါ်အလွဲသုံးစားပြုအကြောင်းပြကာ တရုတ် တာဝန်ရှိသူများကို ဗီဇာတင်းကျပ်မှုပြုခဲ့ကြောင်း၊ ၎င်းက အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာစံနှုန်းများကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခြင်းလည်းဖြစ်ကြောင်း ပြောခဲ့သည်။
တရုတ်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် နိုင်ငံအနောက်ပိုင်းတိဘက်ပြည်နယ်သို့ ကြိုတင် ခွင့်ပြုချက်ရယူကာ အုပ်စုအလိုက်ခရီးသွားကြသည်ကို တွေ့ရသည်။ သံတမန်များနှင့် ပြည်ပသတင်းစာ ဆရာများအနေဖြင့်မူ တိဘက်ဒေသသို့သွားရောက်ရန် ထိုဒေသအာဏာပိုင်များ၏ အတည်ပြုချက်ရမည်ဖြစ်သည်။
လင်ဂျင်းက “အားလုံးကို လမ်းဖွင့်ပေးထားတာပါ။ တရုတ်အစိုးရအနေနဲ့ တခြားနိုင်ငံက ညီအစ်ကိုတော် ပြည်သူတွေကို တိဘက်ဒေသကို လာရောက်လည်ပတ်ဖို့၊ ခရီးသွားဖို့နဲ့စီးပွားရေးလုပ်ကိုင်ဖို့ ကြိုဆိုနေပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု ဆိုတဲ့ကိစ္စတွေ အမည်ခံအကြောင်းပြပြီး တိဘက်ဒေသအရေးကိုတော့ ဘယ်နိုင်ငံ၊ ဘယ်ပုဂ္ဂိုလ် ကမှ ဝင်ရောက်စွက်ဖက်တာကို တရုတ်အစိုးရက လက်ခံမှာမဟုတ်ပါဘူး၊ ဆန့်ကျင်ပါတယ်” ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ၁၉၅၀ ပြည့်နှစ်တွင် တိဘက်ဒေသကို တရုတ်နိုင်ငံပိုင်နက်အဖြစ် သိမ်းယူခဲ့သည်။ နိုင်ငံ တကာလူ့အခွင့်အရေးအုပ်စုများနှင့် ပြည်နှင်ဒဏ်ခံနေရသူများကမူ တိဘက်နယ်မြေများတွင် တရုတ်အစိုးရက ဖိနှိပ်မှုများရှိသည်ဆိုကာ ရှုတ်ချမှုများပြုကြသည်။
Ref- Reuters