




၁၅. ၄. ၂၀၂၅
Written by Nyein Kyaw
ပြည်သူ့ရင်ပြင်မှာ သင်္ကြန် အကြတ်နေ့နဲ့ အတက်နေ့ နှစ်ရက်တာကာလကို လမ်းလျှောက်သင်္ကြန်ကျင်းပ ပြုလုပ်တာဖြစ်ပြီး ပထမနေ့ဖြစ်တဲ့ ဒီနေ့မနက်မှာတော့ အရင်ရက်တွေထက် လာရောက်သူ များပြားခဲ့ပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပထမဆုံး ကျင်းပမဲ့ ယခုနှစ် သင်္ကြန်ကို ယခင်နှစ်များထက် ပိုမိုစည်းကားစွာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့သလို ဘုရားစေတီ၊ သာသနိကအဆောက်အဦ၊ လူနေအိမ်နဲ့ အစိုးရပိုင် အဆောက်အဦတွေအပြင် လမ်းတံတားတွေပါ ပျက်စီးခဲ့တာကြောင့် ယခင် ဆောက်လုပ်ပြီး ရေကစားမဏ္ဍပ်တွေကိုပါ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။





ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာဓလေ့ထုံးတမ်းနှင့်အညီ အေးသင်္ကြန်အဖြစ် ရန်ကုန်မှာ စတုဒိသာသင်္ကြန်သာ ကျင်းပနေရာမှ ကျန်ရှိတဲ့ သင်္ကြန်ကာလ နှစ်ရက်တာဖြစ်တဲ့ ဒီနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့နဲ့ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့တို့မှာ ရန်ကုန်မြို့၊ မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သင်္ကြန် ထည့်သွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နှစ်စဥ် လမ်းလျှောက်သင်္ကြန်ကျင်းပနေတဲ့ ပြည်သူ့ရင်ပြင်ကို မန္တလေးငလျင်ကြီးကြောင့် ဖျက်သိမ်းကာ စတုဒိသာကိုသာ ကျွေးမွေးခဲ့ရာ အကြိုနေ့နှင့် အကျနေ့တို့မှာ ပြည်သူ့ရင်ပြင်မှာ ပြည်သူတွေက အေးသင်္ကြန်ကို စတုဒိသာဖြင့်သာ ခြောက်ကပ်စွာ ဆင်နွှဲခဲ့ကြရတာဖြစ်ပါတယ်။