



၁၅.၄.၂၀၂၅
Written By Thandar
အင်းလေးဒေသ ငလျင်ဘေးသင့်ကူဖို့ ကိုယ့်ကိုယ်ကိုယ် လေလံဆွဲခဲ့တဲ့ ကျော်ကျော်ဗိုကို လီဗာပူးအသင်း Fan တစ်ဦးက ကျပ် ၉၂ သိန်းနဲ့ လေလံအောင်မြင်ခဲ့တာကြောင့် ဒီငွေကနေ နေအိမ် ၂လုံးဆောက်လုပ်လှူဒါန်းပေးမှာလည်းဖြစ်ပါတယ်။
“လေလံပွဲလေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီခင်ဗျာ။ အင်းလေးဒေသက အိမ်နှစ်လုံး ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။ ကျွန်တော့်၏ လေလံပွဲသို့ စေတနာအပြည့်နဲ့ လှုဒါန်းပေးနိုင်ဖို့ ဝင်ရောက်အားဖြည့် လေလံဆွဲပေးကြသူတွေကိုလည်း ချစ်ခင်စွာနဲ့ ကျေးဇူးအများကြီးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ပါရစေခင်ဗျာ”လို့ သရုပ်ဆောင် ကျော်ကျော်ဗိုက ပရိသတ်ကို အသိပေးလာပါတယ်။
အဆိုပါ လေလံအောင်တဲ့ ငွေကျပ် ၉၂ သိန်းနဲ့အတူ ကျော်ကျော်ဗိုက ငွေကျပ် ၈ သိန်း ထည့်ဝင်ပြီးတော့ အင်းလေးဒေသ အိမ်ထောင်စု ၂ စုအတွက် နေအိမ် ၂ လုံးကို လေလံအောင်မြင်သူ လီဗာပူးပရိသတ်ရဲ့ အမည်နဲ့ ဆောက်လုပ်လှူဒါန်းမယ်လို့ သိရပါတယ်။
“ကျွန်တော့်ရဲ့ လေလံပွဲကို စေတနာအပြည့်နဲ့ လှုဒါန်းပေးဖို့ အားဖြည့်လေလံဆွဲပေးတဲ့ Arsenal ပရိသတ် တွေ ၊ Manchester United ပရိသတ်တွေ၊ Manchester City ပရိတ်သတ်တွေ Chelsea ပရိသတ်တွေကို အားလုံးကိုယ်စား အသီးသီး ချစ်ခင်စွာနဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ”လို့ သူကဆက်ပြောပါတယ်။
လီဗာပူးအသင်းဖန်ဖြစ်တဲ့ ကျော်ကျော်ဗိုဟာ တခြားအသင်းကို တစ်နှစ်ပြောင်းလဲအားပေးဖို့အတွက် လေလံတင်ရာမှာ အခြားအသင်းတွေက ငွေကြေးလေလံပြိုင်ခဲ့ပေမဲ့ လီဗာပူးအသင်း Fan ကပဲ ကျော်ကျော်ဗိုကို အသင်းပြောင်းအားမပေးစေဘဲ လီဗာပူးအသင်းဖန်အဖြစ်သာဆက်လက်ရှိအောင် လေလံဆွဲပေးခဲ့တာပါ။
သရုပ်ဆောင်ကျော်ကျော်ဗိုကို လီဗာပူးအသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ကိုတူးနိုင် (29 ရတနာ) က လေလံအောင်ခဲ့တာဖြစ်ပြီးတော့ လေလံတင်မှုကို ပြီးခဲ့တဲ့ ဧပြီ၁၀ ရက်က စတင်ကြေညာခဲ့တာလည်းဖြစ်ပါ တယ်။ သူတို့မိသားစုကတော့ လက်ရှိ အင်းလေးဒေသကိုရောက်ရှိနေပြီးတော့ ကျော်ကျော်ဗိုနဲ့ ၇ ရက်သားသမီး အလှူအနေနဲ့ မီးစက်၊ လမ်းမီးတိုင်၊ နေရောင်ခြည်မီးတိုင်၊ ပါဝါမီးကြိုးတွေလည်း လှူဒါန်းပေးတာ ဖြစ်ပါတယ်။