မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဘန်ကောက်၌ တွေ့ဆုံ ဆွေးနွေးရန် သဘောတူ

၁၅. ၄. ၂၀၂၅
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါ အီဘရာဟင်က မြန်မာနိုင်ငံအတွင်း မြေငလျင်ကယ်ဆယ်ရေးကို အထောက်အကူဖြစ်စေရန် မြန်မာအစိုးရနှင့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များအကြား အပစ်အခတ်ရပ်စဲမှုကို တိုးချဲ့တည်ဆောက်သွားကြဖို့အတွက် တွန်းအားပေးနိုင်ရေး မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့တွင် ယခု ရက်သတ္တပတ်အတွင်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၁၄ ရက်က ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ကြီး၏ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဟက်ဟက်ပက်ပက်ဆက်ဆံမှုများမရှိခဲ့သေးသောကြောင့် အစည်းအဝေးကို လူသားချင်းစာနာမှု အကြောင်းများကို အခြေခံ၍ပြုလုပ်သွားမည်ဟုလည်း အန်ဝါက ပြောခဲ့သည်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သော မဂ္ဂနီကျူ့ ၇ ဒသမ ၇ ရှိသည့် ပြင်းအားမြင့် ငလျင်ကြောင့် တရားဝင်စာရင်းဇယားများအရ လူ ၃,၆၀၀ ကျော်သေဆုံးခဲ့ပြီး အဆောက်အအုံ ၅,၀၀၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။ ကုလသမဂ္ဂက လူနှစ်သန်းကျော်မှာ အကူအညီများလိုအပ်နေကြောင်းလည်း ပြောခဲ့သည်။
အန်ဝါက မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲထားမှုကို ဧပြီလ ၂၂ ရက်ထက် ပိုမိုတိုးချဲ့၍သတ်မှတ်သွားရန် မေတ္တာရပ်ခံခဲ့သည်။ ၎င်းက “ကျွန်တော့်ရဲ့ အစည်းအဝေးဖိတ်ကြားချက်ကို အပြုသဘော တုံ့ပြန်ခဲ့လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ်ကျေးဇူးတင်တယ်။ ကျွန်တော်တို့တွေ့ကြရင် အပစ်အခတ်ရပ်စဲမှုကာလ တိုးချဲ့သတ်မှတ်ဖို့ ကျွန်တော်တိုက်တွန်းသွားမှာပါ” ဟုပြောကြားခဲ့သည်။
ထို့ပြင် အန်ဝါက “ကျွန်တော်တို့အနေနဲ့ ကယ်ဆယ်ရေးအသင်းကိုလည်း စေလွှတ်ခဲ့တယ်။ ဒီတော့ လုံခြုံစိတ်ချရမှုလည်းရှိစေချင်တယ်။ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကလည်း ပြင်းထန်လှတဲ့ မြေငလျင်အတွက် လူသားချင်းစာနာမှုအထောက်အပံ့တွေကို ပေးပို့ရာမှာလွယ်ကူချောမွေ့စေချင်တယ်” ဟူ၍လည်း ပြောကြားသွားခဲ့သည်။
လက်ရှိတွင် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၂ ရက်အထိ ကြေညာထားသော်လည်း တစ်ဖက်နှင့်တစ်ဖက် ချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲလျက်လည်း ရှိကြသည်။
အန်ဝါက မလေးရှားတပ်ဖွဲ့များက ငလျင်ဘေးသင့်ဒေသများတွင် ယာယီဆေးရုံတစ်ခုဖွင့်လှစ်ကာ လူသားချင်းစာနာမှုအကူအညီအဖြစ် ပေးအပ်သွားမည်ဟုလည်းပြောခဲ့သည်။ ထို့ပြင် ၎င်းက ဧပြီလ ၁၇ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်အခါ မလေးရှားကူညီထောက်ပံ့ရေးသမားများ၏ လုံခြုံစိတ်ချရမှုကိုလည်း ဆွေးနွေးသွားမည်ဟု ပြောခဲ့သေးသည်။ထို့ပြင်ဆွေးနွေးပွဲ ပြင်ပ၌ ၎င်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ထိုင်းခေါင်းဆောင်များနှင့်အတူ တောင်ဘက် မလေးရှားနယ်စပ်တစ် လျှောက် ယခုအခါ ရေလွှမ်းမိုးခံနေရမှု အခြေအနေကို ဆက်လက်ဆွေးနွေးကြမည်ဟုပြောခဲ့သည်။
တပ်မတော်က အာဏာထိန်းပြီးသည့်အချိန်မှစ၍ ရုရှားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့သာ ပြည်ပခရီးစဉ်များအဖြစ် သွားရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ဧပြီလအစောပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပခဲ့သော တောင်အာရှနိုင်ငံများအသင်း(ဘင်းမ်စတက်)၏ထိပ်သီး ဆွေးနွေးပွဲသို့ ဖိတ်ကြားခံတက်ရောက်ခဲ့ရသေးရာ အကဲဖြတ်ဝေဖန်သူများကမြန်မာနိုင်ငံ၏ တပ်မတော်အစိုးရကို နိုင်ငံတကာ က ပို၍တရားဝင်အသိအမှတ်ပြုလာကြခြင်းဟုဆိုခဲ့ကြသည်။
မလေးရှားဝန်ကြီးချုပ်အန်ဝါက မြန်မာခေါင်းဆောင်နှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည်ဟုပြောကြားချိန်၌ပင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက အာဆီယံအလှည့်ကျဥက္ကဋ္ဌ အန်ဝါက ထိုင်းနိုင်ငံသို့ အလုပ်သဘောလာရောက်လည်ပတ်မည်ကို အတည်ပြုပြောကြားခဲ့သည်။
သက်ဆင်က ဧပြီလ ၁၃ ရက်တွင်ပြောခဲ့ရာ၌ ၎င်းက ဧပြီလဆန်းတွင် ဇိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့သေးကြောင်း၊ မြန်မာအစိုးရနှင့်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန် အခွင့်အရေးများရှိကြောင်းလည်း ပြောခဲ့သည်။
Ref- Bangkok Post