
MT News
၁၅. ၄.၂၀၂၅
မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရပြီး နေရပ်စွန့်ခွာကာ မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ ကယ်ဆယ်ရေးစခန်းများတွင် မတတ်သာ၍ပြောင်းရွှေ့နေထိုင်နေကြရသော မြန်မာပြည်သူ ပြည်သားများအတွက် သုံးရေသိုလှောင်ကန်များနှင့် အရေးပေါ်ကယ်ဆယ်ရေးရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဂျပန်အစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်၊ လူ့ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရေးဆိုင်ရာပူးပေါင်းကူညီရေး စီမံကိန်းအရ ထောက်ပံ့ပေးအပ်ရန် ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့သည်။

အထောက်အပံ့ရရှိမည့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများသည် ပဋိပက္ခဖြစ်ပွားမှု အခြေအနေများကြောင့် ကျောင်းပညာရေးမရရှိနိုင်သည့်ကလေးများအတွက် ပညာသင်ကြားရေးအခွင့်အရေးများ ဖန်တီးပေးသည့်အပြင် ပဋိပက္ခဖြစ်ပွားရာဒေသများမှ ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆောင်ရွက် ပေးနေခဲ့သော်လည်း ယခုအခါငလျင်ဒဏ်ကြောင့် အဆောက်အဦများ၊ ရေပေးဝေမှုစနစ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် လက်ရှိတွင်လည်း ၎င်းစာသင်ကျောင်းများသို့ ကူညီကယ်ဆယ် ရေးပစ္စည်းများ အလုံအလောက်မရရှိသောကြောင့် လာရောက်ခိုလှုံသူများသည် အလွန်ခက်ခဲ ကျပ်တည်းသောအခြေအနေများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။
ယခုရရှိမည့်အထောက်အပံ့များဖြင့် ၎င်းဘုန်းတော်ကြီးသင်စာသင်ကျောင်းများတွင် ခိုလှုံနေကြရသော ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေးငယ်များ ဘေးကင်းလုံခြုံပြီး ကျန်းမာသန့်ရှင်းစွာ နေထိုင်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်လျက်ရှိသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာပြည်သူပြည်သားများ တိုက်ရိုက်အကျိုးခံစားရရှိစေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို တက်ကြွစွာဖြင့် ဆက်လက် ထောက်ပံ့ကူညီသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။