


၁၄.၄.၂၀၂၅
Written By Zun
ငလျင်ကြောင့် တိမ်းစောင်းသွားသည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ မကိုဋ်တော်အား ပြန်လည် တည့် မတ်ပြီးဖြစ်၍ နှစ်ဆန်းတစ်ရက်နေ့တွင် ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ဖူးမြော်ခွင့်ပြုရာတွင်ရုပ်ပွားတော်အား LED Screen ကတစ်ဆင့်သာ ဖူးမြော်ခွင့်ရမည်ဖြစ်ပြီး အနီးကပ်ဖူး မြော်ခြင်းအတွက် ခွင့်မပြုသေးကြောင်းလည်း သိရသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်း မန္တလေး ငလျင်ကြောင့် တိမ်းစောင်းသွားသည့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ မကိုဋ်တော်အား ဝါရင့်ရွှေပန်းတိမ်ဆရာကြီးများက ဧပြီလ ၁၂ ရက်တွင် ပြန်လည် တည့်မတ်ပြီး ဖြစ်ကြောင်း MT News တွင် ဖော်ပြပြီးဖြစ်သည်။
မကိုဋ်တော်အား ပြန်လည်တည့်မတ်မည့်လုပ်ငန်းကို ဧပြီလ ၁၁ ရက် ညနေပိုင်းက စတင်ရာတွင် လေမှုတ်စက် အသုံးပြု ၍ ရုပ်ရှင်တော်မြတ်ကြီးပေါ် ပေကျံနေသည့် ဖုန်မှုန်များကို ရှင်းလင်းခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ပလ္လင်တော်ပေါ်၌ ငြမ်းဆင်ခြင်းလုပ်ငန်းဖြင့် စတင်ခဲ့ပြီး ဧပြီလ ၁၂ ရက် နေ့လယ်ပိုင်းတွင် ကျွမ်းကျင် ပန်းတိမ်ပညာရှင်များဖြင့် မကိုဋ်တော်ကြီးအား မူလအတိုင်း ဖြစ်အောင် ပြန်လည်တည့်မတ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါမကိုဋ်တော်ကြီးမှာ ဘုရားဖူးအများပြည်သူ ချိတ်ဆွဲ လှူဒါန်း ပူဇော်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများ၏ အလေးချိန်ကြောင့် ငလျင်ကြီးလှုပ်ချိန်တွင် တိမ်းစောင်းသွားခဲ့ရခြင်းဖြစ်ကြောင်း၊ ငလျင်ကြီးလှုပ်ခဲ့သော်လည်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ပလ္လင်တော်မှာ ကွဲအက်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
ဖျက်အားပြင်းမန္တလေးငလျင်ကြီးကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး သီတင်းသုံးရာ ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီး၏ ထီးတော်ရှိ စိန်ဖူးတော် မြေခခြင်း၊ ရွှေသားထီးတော်ကြီး အနောက်ဘက်စောင်းခြင်း၊ ကျောင်းတော်ကြီး၏ အရပ်လေးမျက်နှာရှိ နေရာအချို့နှင့် တန်ဆောင်းနေရာအချို့ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ မကြာမီ ယင်းတို့ကိုလည်း အဆင့်ဆင့် ပြန်လည် ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။