



၁၄. ၄. ၂၀၂၅
Written by Nyein Kyaw
ဧပြီ ၁၄ ရက် (ယနေ့) ညနေ ၆ နာရီအထိ မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ ၃၇၀၆ ဦးအထိ ရှိလာခဲ့ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှ လေယာဉ်ခေါက်ရေ ၁၃၃ ခေါက်ဖြင့် ထောက်ပံ့ကူညီရေးပစ္စည်း တန်ချိန် ၃၃၈၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေ့ ညနေ ၆ နာရီအထိ ကျွန်တော်တို့ မန္တလေးငလျင်ကြီးကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းများအနေဖြင့် သေဆုံးသူစုစုပေါင်း ၃၇၀၆ ဦး၊ ဒဏ်ရာရသူစုစုပေါင်း ၅၀၂၇ ဦးနဲ့ ပျောက်ဆုံးသူစုစုပေါင်း ၁၃၀ ဦးရှိပါတယ်။ နိုင်ငံတော်အစိုးအရအနေနဲ့ မိသားစုများနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အတူ နိုင်ငံတကာအကူအညီထောက်ပံ့မှုအနေဖြင့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ လေယာဉ်ခေါက်ရေ ၁၃၃ ခေါက်ဖြင့် ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦး ရောက်ရှိခဲ့သလို ထောက်ပံ့ပို့ဆောင်ရေးပစ္စည်း တန်ချိန် ၂၂၁၀ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ တန်ကျော် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာ့ငလျင်ဘေးအတွက် ထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့သည့် နိုင်ငံများမှာ ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူရကီ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရူနိုင်းတို့ ဖြစ်ကြောင်း သိရသည်။