


၁၄.၂.၂၀၂၅
Written By Zun
ထိုင်းသင်္ကြန်တွင် မြန်မာနိုင်ငံသားအဖွဲ့နှစ်ဖွဲ့ စကားများရန်ဖြစ်ရာမှ ဓားထိုးခံရသူတစ်ဦး သေဆုံးမှု ယနေ့ ဧပြီလ ၁၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယနေ့ ဧပြီလ ၁၄ ရက် ညနေ ၃ နာရီအချိန်ခန့်က စမွတ် ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေ၊ ဝေလ (၁၇) လမ်း တွင် မြန်မာနိုင်ငံသားအဖွဲ့နှစ်ဖွဲ့ ရေကစားရင်း စကားများရန်ဖြစ်ခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံသား အသက် ၂၅ နှစ်အရွယ် ဇေယျကျော်ဆိုသူ သေဆုံးခဲ့သည်။
“အခင်းဖြစ်ပွားရာနေရာမှာ အလောင်းကို သွေးအိုင်ထဲ မှောက်လျက် လဲကျနေတာကို တွေ့ရတယ်။ ရင်ဘတ် အလယ်မှာ ဓားဒဏ်ရာ ရထားတယ်။ ဒဏ်ရာက နက်တယ်။ နောက်တစ်နေရာက ရင်သားအောက်မှာ တစ် ချက်။ နာမည်က မစ္စတာဇေယျာကျော်၊ အသက် ၂၅ နှစ်။ မြန်မာနိုင်ငံသား။ သူက ဆွေမျိုးတွေ၊ သူငယ်ချင်း တွေနဲ့ သင်္ကြန်ပွဲတော်ကို လာခဲ့တာ”ဟု ထိုင်းဒေသတွင်းသတင်းများတွင် မျက်မြင်တစ်ဦးက ပြောပြထားသည်။
အဆိုပါ အခင်းဖြစ်နေရာသို့ ထိုင်းရဲတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်တွင် ပြစ်မှုကျူးလွန်သူ လူ ၁၀ ဦးခန့်ပါ အဖွဲ့မှာ ထွက်ပြေးတိမ်းရှောင်သွားကြသောကြောင့် ရဲတပ်ဖွဲ့က မျက်မြင်သက်သေများနှင့် CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေး၍ ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
စမွတ်စခွန်မြို့မရဲစခန်းမှ ရဲမှူးကြီး Pichetphong Chaengkhaikom နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ၊ စမွတ်စခွန်မြို့မရဲစခန်းမှ ဒု-ရဲမှူးကြီး Sukhum Phuathaisong မှ စုံစမ်းစစ်ဆေးရေးမှူး၊ ဒု-ရဲမှူးကြီး Chaiyaphum Chalongphum ၊ ဒုတိယရဲမှူး Sophas Thanonthip ၊ Samut Sakhon ခရိုင် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲမှူး Siamrat Ketrat နှင့် ဒုတိယ Inspection Inspector ၊ Samut Sakhon မြို့မ ရဲစခန်းမှ စုံစမ်းစစ်ဆေးရေး အဖွဲ့တို့က ခိုက်ရန်ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။