


၁၄. ၄. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်က အပစ်အခတ်ရပ်စဲထားချိန် KIA၊ KNU၊ KNPP/KNDF နှင့် PDF အဖွဲ့များက လုံခြုံရေးစခန်းနှင့် ကင်းစခန်းများအပြင် ကျေးရွာများရှိ လူနေ အိမ်ခြေများကိုပါ ဒရုန်းများဖြင့် Drop Bomb ချကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“တပ်မတော်အနေနဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ကြားမှာ EAO များအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတာကို အခွင့်ကောင်းယူပြီး တပ်မတော်စခန်းများ၊ ပြည်သူ့လူနေအိမ်ခြေများ၊ ရပ်ကွက်များကို တိုက်ခိုက်လျက်ရှိပါတယ်။ KIA အနေနဲ့ ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဗန်းမော်၊ မင်းလှရပ်ကွက်မှာရှိတဲ့ လူနေ အိမ်ခြေတွေနဲ့ တပ်မတော်ရဲ့ ကင်းစခန်းတစ်ခုကို လာရောက်ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်။ KNPP/KNDF အနေနဲ့ ဧပြီလ ၁၃ ရက်နေ့ မနက် ၇ နာရီမှာ ဘော်လခဲမှာရှိတဲ့ လုံခြုံရေးစခန်းတစ်ခုကို ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ KNU အနေနဲ့ ဧပြီလ ၁၂ ရက်နေ့ ည ၁၂ နာရီအချိန်လောက်နဲ့ ဧပြီလ ၁၃ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ ထီးထစခန်းကို Drop Bomb တွေနဲ့ ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ Drop Bomb ၇၀ ကျော်လောက် လာရောက်ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်။ ဧပြီလ ၁၃ ရက် နေ့လယ် ၁ နာရီခွဲမှာ မြင်းမူ၊ အလာကပ္ပမှာ PDF အဖွဲ့တွေက အလာကပ္ပကျေးရွာမှာရှိတဲ့ လူနေအိမ်ခြေတွေနဲ့ လုံခြုံရေးစခန်းတစ်ခုကို လာရောက်ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်။ အလားတူ စလင်းဘက်မှာလည်း ညနေ ၄ နာရီခွဲလောက်မှာ သစ်ခေါက်တောင် လုံခြုံရေးစခန်းကို ဒရုန်းနဲ့ လာရောက်ပစ်ခတ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်က အပစ်အခတ်ရပ်စဲထားသော ကာလဖြစ်သည့် ဧပြီလ ၆ ရက်နှင့် ၈ ရက်တို့တွင်လည်း အဆိုပါ လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်ဌာနချုပ်၊ သစ်တောရုံး လုံခြုံရေးစခန်း၊ လုံခြုံရေးယူနေသည့် စစ်ရေယာဉ်များ၊ ရဲစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် MNDAA ၊ TNLA နှင့် AA တို့က ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မည်ဟု ဧပြီ ၁ ရက်က ကြေညာခဲ့သော်လည်း အကြမ်းဖက်လက်နက်ကိုင်များ၏ သစ္စာမဲ့မှု၊ ကတိမတည်မှုထုံးစံအတိုင်း ဧပြီ ၂ ရက် မနက်တွင်လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က တပ်မတော်၏ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူလိုက်ကြောင်း ဧပြီ ၅ ရက်တွင် ထုတ်ပြန်ထားသေးသည်။
ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း မြောက်ပိုင်းသုံးဖွဲ့ဝင်ဖြစ်သည့် MNDAA သည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ လားရှိုးကို အပစ်ရပ်မည်ဖြစ်ကြောင်း တိုင်းသိပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့သော်လည်း ကတိမတည်ဘဲ လားရှိုးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုတွင် လားရှိုးတပ်မတော်ဆေးရုံရှိ လူနှင့် ဆေးတပ်မှ တပ်မတော်သားရာချီ သေဆုံး အဖမ်းခံခဲ့ရသည့် သစ္စာမဲ့ ကတိမတည်မှု ပြယုဂ်အထင်ကရရှိခဲ့သည်။
ထို့အတူ NUG နှင့် AA သစ္စာခံ ချင်းညီနောင်တို့က ဖလမ်းကိုသိမ်းယူမှု၊ NUG ၏ PDF နှင့် KIA တို့က အပစ်ရပ်ကာလတွင် အင်းတော်မြို့ကို သိမ်းယူခဲ့သလိုလက်ရှိတွင်လည်း အဆိုပါလမ်းစဉ်များနည်းတူ KIA၊ KNU၊ TNLA၊ AA၊ KNDF/KNPP နှင့် PDF တို့သည် တပ်မတော်က ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲထားပေးချိန်တွင်လည်း တပ်မတော်လုံခြုံရေးစခန်းများနှင့် နယ်မြေခံရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ။ အင်းတော်နှင့် ဖလမ်းအသိမ်းခံရမှုမြင်ကွင်းအချို့။