



၁၄.၄.၂၀၂၅
Written By Thandar
အနုပညာ သရုပ်ဆောင်ပိုင်းမှာ တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့ သရုပ်ဆောင် နော်ဖောအယ်ထား ကတော့ အင်းလေးဒေသက ငလျင်ဘေးသင့် ရွာနှစ်ရွာအတွက် ခိုင်ခံ့တဲ့ အိမ်အသစ် အလုံး ၂၀ ဆောက်လုပ် လှူဒါန်းသွားမယ်လို့ သိရပါတယ်။
“အင်းလေးဒေသက ရွာနှစ်ရွာအတွက် ခိုင်ခံ့တဲ့အိမ်အသစ် အလုံး၂၀ ကို ဆောက်လုပ်ပေးသွားမှာပါ။ နော်ဖောတို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အင်းလေးကို Team နဲ့အတူသွားရောက် လှူဒါန်းခဲ့ပါပြီရှင့်။ အင်းလေး ရောက်တဲ့ခံစားချက်ကတော့ ပြောမပြတတ်အောင်ပါပဲ။ အိမ်တွေပြိုတာအများကြီး။ ရေပေါ်ဆိုတော့ မရရတဲ့ နေရာလေး သေးသေးလေးမှာ အဆင်ပြေအောင် မိသားစုတွေ နေနေကြတာမြင်ခဲ့ရတော့ တော်တော်လေး စိတ်မ ကောင်း ဖြစ်မိတယ်။ နော်ဖောတို့ ကနဦး အစီအစဉ်ကယာယီ ထရံအိမ်လေးတွေ ဆောက်ပေးမယ့် အစီအစဉ် ကနေ မြေပြင်ရောက်တော့ နယ်ခံတွေနဲ့သေချာစကားပြောတဲ့အခါမှာ ပိုမိုခိုင်ခံ့တဲ့ အိမ်အသစ်တွေ ဆောက်လိုက်တာက ပိုပြီးထိရောက်မှာဖြစ်ကြောင်းသိရတဲ့အတွက် နော်ဖောတို Team နဲ့အတူ တိုင်ပင်ပြီး အင်းလေးဒေသက ရွာနှစ်ရွာမှာ ခိုင်ခံ့တဲ့အိမ်လေးတွေ ဆောက်ပေးသွားမှာပါ”လို့ သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။
သူမကတော့ အင်းလေးဒေသကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်ဝန်းကျင်က သွားခဲ့တာဖြစ်ပါတယ်။ အင်းလေးက ရွာနှစ်ရွာဖြစ်တဲ့ ဟန့်ချိုရွာနဲ့ ညောင်ဝန်းရွာက အိမ်ထောင်စု ၂၀ ကို အိမ်အသစ်ပြန်တည်ဆောက်ဖို့ ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်ငွေတွေကိုတော့ Inle Youth Volunteers Network က သိမ်းဆည်းထားပြီး ပြန်လည်စီမံပေးမှာလို့ ဆိုပါတယ်။






ပထမဆုံးအနေနဲ့ ဟန်ချိုရွာရဲ့ ပျက်စီးပြိုကျနေတဲ့ ဝါးအိမ် ၁၅ အိမ် ပြန်လည်တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေကို ဝယ်ယူဖို့ တစ်အိမ်ကို ကျပ် ၄၃ သိန်းဆီ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီအလှူငွေကို ဝါးအိမ်ပိုင်ရှင်တွေက ယခင်ကရရှိထားတဲ့ မ,တည် ငွေကျပ် ၇ သိန်းနဲ့ ပေါင်းပြီး နဂိုမူလ အိမ်တွေ ပြန်ရရှိနိုင်ဖို့ အသုံးပြုသွားမယ်လို့ သိရပါတယ်။ အဲဒီနောက် ညောင်ဝန်းရွာမှာတော့ ကျေးရွာက ရွေးချယ်ပေးထားတဲ့ တည်ဆောက်ဖို့ အလိုအပ်ဆုံး အိမ် ၅ လုံးစာ အပြီးအစီးဆောက်လုပ်နိုင်ဖို တစ်အိမ်ကို ကျပ် သိန်း ၅၀ စီ ထောက်ပံ့ နိုင်ပေးခဲ့တာပါ။
“အင်းလေးထူထောင်ရေးအတွက် အင်အားတစ်ရပ်ဖြစ်ပေးခဲ့တာပါ။ နော်ဖောရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့လုပ်ဖော်ကိုင်ဘက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နော်ဖောနဲ့အတူ ငလျင်ဘေးသင့် အင်းလေးပြည်သူ တွေကလည်း ခုလိုပြန်လည်ထူထောင်ရေးမှာ ပါဝင်အားဖြည့်ပေးကြလို့ အထူးကျေးဇူးတင်နေပါတယ်လို့ ပြောချင်ပါတယ်ရှင့်”လို့ သူမက ဆက်ပြောပါတယ်။