
၁၄. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဆင်သေရေလွှဲဆည်၏ ရေပေးမြောင်းမကြီးတစ်လျောက်နှင့် လက်တံမြောင်းများ၏ ကျောက်နံရံများ ပြိုကျပျက်စီးခဲ့၍ ပြင်ဆင်ဆောင်ရွက်ပြီး ဧပြီ ၈ ရက်တွင် ဆည်ရေများ ပြန်လည်ပေးဝေနိုင်ခဲ့သော်လည်း နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက် နံနက် ၃ နာရီတွင် ဆင်သေရေလွှဲဆည် ကျောက်နံရံအောက်မှ ထူးပေါက်ဖြစ်ပေါ်ခဲ့ပြီး ရေထိန်းနိုင်မှုမရှိဘဲ ရေလွှဲဆည်မှရေများ ဆင်သေချောင်းအတွင်းသို့ စီးဆင်းသွားခဲ့ရာ နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၁၀,၈၄၈ ဧကသို့ ရေပေးနိုင်မှု ခေတ္တရပ်တန့်ခဲ့ရသည်။
SAC ဒုတိယဥက္ကဋ္ဌက မတ် ၂၈ ရက်နေ့နှင့် ဧပြီလ ၁၂ ရက်နေ့ ငလျင်ဒဏ်ကြောင့် ထူးပေါက်မှတဆင့် ရေပိုလွှဲဆည်အတွင်း ရေများလေလွှင့် ဆုံးရှုံးရမှုအခြေအနေနှင့် ယာယီပြုပြင်နေမှု၊ ဆည်ရေသောက်လယ်များသို့ လက်ယာ/လက်ဝဲ မြောင်းများမှ ရေအမြန်ဆုံး ပေးဝေနိုင်ရေး စက်ယန္တရားများဖြင့် ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ ဆင်သေရေလွှဲဆည်သည် ဆင်သေချောင်းပေါ်တွင် တည်ဆောက်ထားရှိပြီး ရေဆင်းဧရိယာ ၈၀ စတုရန်းမိုင်၊ အကျယ် ပေ ၉၃၀၊ တမံအမြင့် ပေ ၂၀ ရှိသည့် သံကူကွန်ကရစ် အမျိုးအစား ရေလွှဲဆည်ဖြစ်ပြီး ဆင်သေချောင်းမှတစ်ဆင့် လက်ယာတူးမြောင်းသို့ တိုက်ရိုက်ရေသွင်းနိုင်ရေးနှင့် လက်ဝဲတူးမြောင်းသို့ ရေစုဆောင်းလျက် အမြန်ဆုံးရေတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ လက်ယာ တူးမြောင်းမှ ဧပြီ ၁၇ ရက်တွင် လည်းကောင်း၊ လက်ဝဲတူးမြောင်းမှ ဧပြီ ၂၂ ရက်နေ့တွင် လည်းကောင်း ဆည်ရေသောက် ဧကများအားလုံး ရေဖြန့်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ထူးပေါက်ပျက်စီးသွားသည့် တမံအပိုင်းနှင့် ရေထွက်ပေါက်များ ပျက်စီးနေမှုကို စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များ အပေါ် မူတည်၍ ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီမြေသားတမံတည်ဆောက်၍ ရေစုဆောင်းခြင်းလုပ်ငန်းများအား အဆင့်လိုက်၊ အပိုင်းလိုက် တာဝန်ရှိသူများမှ စက်ယန္တယားများဖြင့် နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆင်သေရေလွှဲဆည်အထက်ပိုင်းရှိ ဆင်သေရေလှောင်တမံမှာ တပ်ကုန်းမြို့ နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးရှိ ရေဆင်းဧရိယာ ၃၈၀ စတုရန်းမိုင်၊ တမံအလျား ၁၃၅၀ ပေ၊ တမံအမြင့် ၁၀၉ ပေရှိပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အနည်းငယ်သာ ထိခိုက်ခဲ့ပြီး ဘူမိရူပဗေဒတိုင်းတာစနစ်နှင့် မျက်မြင်စစ်ဆေးချက်များအရ တမံ၏ ကြံ့ခိုင်မှုအား ထိခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် ဆင်သေရေလှောင်တမံ၏ အခြေအနေမှာ စိုးရိမ်ဖွယ်မရှိကြောင်း သတင်းရရှိသည်။