၂၃. ၁. ၂၀၂၃
Written By Thandar
လူမှုကွန်ရက်မှာ ဟာသဗီဒီယိုတွေကြောင့်လူသိများတဲ့ ဖေ့ဘွတ်ခ်ဆယ်လီ အောင်ချမ်းအေးဟာ မနေ့က ဇန်နဝါရီ၂၂ရက် ညနေပိုင်းမှာ ကျိုက်ထိုမြို့၊ ကော့ထင်းရွာက သူ့ရဲ့ နေအိမ်မှာရှိနေချိန် ဖမ်းဆီးခံလိုက်ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
“သူတို့ မိသားစုတွေနဲ့ ကျိုက်ထိုစခန်းလိုက်သွားတော့ ရဲကတော့ မေးစရာ၊ စစ်စရာရှိလို့ခေါ်ထားတာလို့ပဲ ပြောတယ်။ သူပြန်လာတဲ့အချိန် လာခေါ်သွားတာပါ” လို့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာ သူ့ကို ကျိုက်ထိုရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ သူကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရာကနေ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာကို ဇန်နဝါရီ ၂၂ မှာ ပြန်လည်ရောက်ရှိတဲ့အချိန် အောင်ချမ်းအေးကို မိနစ်ပိုင်းအတွင်း လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“သူက ဆန္ဒပြတဲ့ အချိန်မှာတော့ ပါတယ်။ သူ့ကို ပုဒ်မ ၅ဝ၅ အထုတ်ခံရပြီးတော့ ထိုင်းနိုင်ငံကို သွားပြီး အလုပ်လုပ်နေတာ။ အဲဒီနောက်ပိုင်း သူ စီးပွားရေးပဲ လုပ်တယ်။ အခု အိမ်ကိုလည်း ပြန်ရောက်ရော ဘယ်က သတင်းရတယ် မသိဘူး။ မိနစ်ပိုင်းအတွင်း လာဖမ်းသွားကြတယ် “လို့ ရွာခံတစ်ဦးက ဆိုပါတယ်။
အောင်ချမ်းအေးဟာ ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့လို့ ပုဒ်မ ၅ဝ၅ အထုတ်ခံထားရသူလည်းဖြစ်ပါတယ်။ သူက ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီလောက်က သရုပ်ဆောင် ပိုးကြာဖြူခင်နဲ့အတူ Dream for You Face & Body Scrub အလှကုန်တွေကို Live Sale လွှင့်ရောင်းချခဲ့ပါတယ်။