



၁၄. ၄. ၂၀၂၅
Written by Nay Moe
ချင်းလက်နက်ကိုင် CNO/CNDF ရဲ့ လေးနှစ်သက်တမ်းအတွင်းမှာ သေဆုံးသူချင်းလက်နက်ကိုင်အဖွဲ့ဝင် ၉၁ ဦးရှိပြီး ၆၃ ဦး မသန်မစွမ်းဖြစ်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်က ဖွဲ့စည်းခဲ့တဲ့ CNO/CNDF ချင်းလက်နက်ကိုင်အဖွဲ့ဟာ (၄) နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း (၁၇၀) ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး CNO/CNDF တစ်ဖွဲ့တည်းက ဆင်နွှဲဲဲတဲ့ စခန်းသိမ်းတိုက်ပွဲ (၂) ကြိမ် အပါအဝင် စခန်းသိမ်းတိုက်ပွဲပေါင်း (၁၃) ကြိမ် ရှိခဲ့တယ် ဆိုပါတယ်။ ဒီတိုက်ပွဲကာလအတွင်း သေဆုံးသူပေါင်းက (၉၁) ဦးနဲ့ မသန်မစွမ်း ဖြစ်ခဲ့ရသူ (၆၃) ဦးအထိ ရှိခဲ့ပြီလို့ပြောပါတယ်။
ဒါ့အပြင် ချင်းညီနောင်နဲ့ မဟာမိတ်တပ်ပေါင်းစုက အဖွဲ့ချုပ်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဖလမ်းခရိုင်မြို့ကြီးကို ပေးအပ်ခဲ့လို့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ မွေးနေ့လက်ဆောင်ကို ပြန်လည်ဂုဏ်ပြုသောအားဖြင့် ဖလမ်းမြို့သိမ်းတိုက်ပွဲ မတိုင်မီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ ပြောပါတယ်။