



၁၄. ၄. ၂၀၂၅
Written by Nay Moe
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်) က PDF ၂ ဦးသေ၊ ၅ ဦး ခြေလက်ပြတ်ပြီး ၃ ဦးက စိုးရိမ်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် စတင်ခဲ့သည့် ချင်းညီနောင်စစ်ဆင်ရေးဖြစ်သော ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅၊ ဧပြီ ၉ ရက်တွင် အောင်မြင်စွာအပြီးသတ်ဖော်ဆောင်နိုင်ခဲ့ကာ BNRA အနေဖြင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွက် ၂၀၂၄၊ သြဂုတ်လမှစ၍ ချင်းညီနောင်၊ အခြားမဟာမိတ်များနှင့်အတူစတင်စုဖွဲ့ပြင်ဆင်ခဲ့သည်။ စစ်၏ သဘော၊ တော်လှန်ရေး၏ သဘာဝအလျောက် အခက်အခဲများအကြားမှ ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း BNRA မှ PDF (၂) ဦး သေဆုံးကာ ခြေထောက် ၁ ဖက်ဆုံးရှုံးသူ (၂) ဦး၊ ခြေထောက် ၂ ဖက်ဆုံးရှုံးသူ (၂) ဦး၊ လက်ချောင်းဆုံးရှုံးသူ (၁) ဦး၊ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ (၃) ဦး ရှိခဲ့သည်။
BNRA အနေဖြင့် ၂၀၂၃ ဒီဇင်ဘာ ၂၂ တွင်စတင်ခဲ့သော ချင်းပြည်တောင်ပိုင်း ကျင်ဒွေးမြို့စစ်ဆင်ရေးတွင်လည်း ပါဝင်ခဲ့ပြီး PDF ၁ ဦးသေဆုံးခဲ့သည်။ ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့သိမ်းစစ်ဆင်ရေးသည် BNRA အနေဖြင့် ချင်းပြည်နယ်အတွင်းပါဝင်ခဲ့သော ဒုတိယမြောက်မြို့သိမ်းစစ်ဆင်ရေးဖြစ်ပြီး တောင်ပေါ် မြေပြန့် တော်လှန်ရေးအင်အားစုများ စုပေါင်း၍ စစ်ရေးဖော်ဆောင်မှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။