
၁၃. ၄. ၂၀၂၅
Written by Nyein Kyaw
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ် ကျင်းပလျက်ရှိရာ ယနေ့ ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော် မြန်မာ့ရိုးရာအေးသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

SAC ဥက္ကဋ္ဌနှင့် ဇနီးတို့သည် နေပြည်တော်မြန်မာ့ရိုးရာ အေးသင်္ကြန် နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်များဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်စု ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့်ဓလေ့အား သရုပ်ဖော်ခြင်းကို ကြည့်ရှုအားပေးကြပြီး သနပ်ခါးများ လိမ်းခြယ်ပေးကြပြီး SAC ဥက္ကဋ္ဌနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ ရောက်ရှိကြပြီး သင်္ကြန်မယ်များနှင့် တက်ရောက်လာကြသူများအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ သပြေခက်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် မြန်မာတို့၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် စသည့် ခေတ် ၆ ခေတ်တို့တွင် ဆင်ယင်ကျင်းပခဲ့ပုံကို သရုပ်ဖော်တင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် သက်ကြီးရွယ်အို အဘိုးအဘွားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်းတို့ ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပနေမှု၊ စတုဒီသာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုအားပေးနှုတ်ဆက်ခဲ့ ကြသည်။
မြန်မာတို့၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ ပါဝင်ခဲ့ရာ ယခုနှစ်သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ထူးခြားစည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုတို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏကြီးမားစွာဖြစ်ပေါ်ခဲ့ရသည့်အတွက် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသည့် ဒေသများ၌ နစ်နာဆုံးရှုံးခဲ့ရမှုများကို စာနာထောက်ထားရမည့် အချိန်အခါဖြစ်သည်။
ထို့ကြောင့် ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အပျော်အပါးနှင့်သီဆိုကခုန်ခြင်း မပါဘဲ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ်အတာ ကူးပြောင်းကြမည်ဖြစ်ကြောင်း သိရသည်။