၂၃. ၁. ၂၀၂၃
Written by Nay Moe
ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်အပါအဝင် လေးဦးကို PDF များက တိုက်ခိုက်သတ်ဖြတ်ပြီး လက်နက်များ သိမ်းဆည်းမိခဲ့သည်ဟု Bago Region PDF အဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ၂၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ် အချိန်၌ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီးအစမ်းခန့်) နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က အသေပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက်နက်များ ၀ယ်ယူမည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည့် ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ်(၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းထွက်ခွါလာပြီဖြစ်ကြောင်း YUA အဖွဲ့၏ သတင်းအချက်အလက်ပေးပို့မှုအရ PDF များက ကင်းပုန်းဝပ်၍ စောင့်ဆိုင်းကာ ဖုန်းဆက်ပြီး ၎င်းကားအား ရပ်တန့်စေခဲ့သည်။
ကားရပ်တန့်ပြီးနောက် PDF များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးစဉ် အဆိုပါ(၂)ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၎င်းတို့(၂)ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့အပြင် သေဆုံးသူ တပ်သား(၂)ဦးထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ တပ်သားများနှင့် အတူပါလာသော အမျိုးသားနှစ်ဦးအား စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက်နက်အား လုယူထွက်ပြေးရန် ကြိုးစားလာသောကြောင့် PDF များက ပစ်ခတ်ဖမ်းစီးစဉ် သေဆုံးသွားသဖြင့် အခင်းဖြစ်ပွားသော ကားပေါ်ပါ ၄ ဦးလုံး သေဆုံးသွားကြောင်းနှင့် အဆိုပါစစ်ဆင်ရေးတွင် PDF များ ထိခိုက်ဒဏ်ရာမရရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု Bago Region PDF ၏ ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ မှန်ကန်မှုရှိ မရှိ MT News သတင်းဌာနက ဆက်လက်အတည်ပြုနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးသွားမည်ဖြစ်သည်။