တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံ နယ်ခြားချစ်ကြည်ရေး စစ်ရေးဖလှယ်မှုအစီအစဉ် စတင်

၁၃. ၄. ၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အငြင်းပွားတင်းမာမှုတွေနဲ့ အမေရိကန်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်တိုက်ခိုက်မှုတွေ မြင့်တက်လာနေတဲ့ကြားကပဲ အရှေ့တောင်အာရှအိမ်နီးချင်းတွေနဲ့ဆက်ဆံမှုတွေ ပိုမိုခိုင်မာဖို့ကြိုးစားလာနေရာမှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ဂျန်က ဧပြီလ ၁၈ ရက်မှာ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံကို အလည်ခရီးသွားရောက်မယ်လို့ သိရပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက နှစ်နိုင်ငံအကြား နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ နယ်ခြားချစ်ကြည်ရေး စစ်ရေးဖလှယ်မှုအစီအစဉ်ကို ဧပြီလ ၁၁ ရက်က စတင်ခဲ့ပြီး တစ်ပတ်အကြာကျင်းပသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကလည်း ဒုန်ဂျန် က ဗီယက်နမ်ကို ဧပြီလ ၁၇ ရက်မှာလာရောက်မယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ ဒါက ဗီယက်နမ်နိုင်ငံကို ဒုန်ဂျန်အနေနဲ လေးလအတွင်း ဒုတိယ မြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်ခြားချစ်ကြည်ရေး စစ်ရေးဖလှယ်မှုအစီအစဉ်က ဧပြီလ ၁၄ ရက်နဲ့ ဧပြီလ ၁၅ ရက်တို့မှာ ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်နေမယ့် တရုတ်သမ္မတ ရှီကျင့်ဖိန် ရဲ့ ချစ်ကြည်ရေးခရီးနဲ့လည်း သွားရောက်တိုက်ဆိုင်နေပါတယ်။ ဒုန်ဂျန်နဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဖန်ပန်ဂီယန်တို့ဟာ နှစ်နိုင်ငံ နယ်ခြားချစ်ကြည်ရေး စစ်ရေးဖလှယ်မှုအစီအစဉ်အရ တုံကင် ပင်လယ်ကွေ့ထဲမှာ ၃၈ ကြိမ်မြောက် ရေတပ်ပူးတွဲကင်းလှည့်ကြတာကို စောင့်ကြည့်ကြမယ်လို့ VietNamNet ကဖော်ပြခဲ့ပါတယ်။
တရုတ်သမ္မတ ရှီနဲ့ ကာကွယ်ရေးဝန်ကြီး ဒုန်ဂျန်တို့ရဲ့ ဗီယက်နမ်နိုင်ငံကို အလည်အပတ် ခရီးစဉ်တွေက လက်ရှိအချိန်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့နဲ့ တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုတွေဖြစ်နေမှုနဲ့လည်း တစ်ထပ်တည်း ကျနေတာလို့ ဆိုရမှာပါ။တရုတ်နိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံနဲ့ ခုလို စစ်ရေးဆက်ဆံမှုတွေခိုင်မာအောင်ပြုလုပ်တာက နှစ်နိုင်ငံအနေနဲ့ ဒေသအတွင်းလုံခြုံရေးစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့အတွက်အကူအညီဖြစ်စေဖို့လည်း ရည်ရွယ်မှာပါ။
တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးစစ်ပွဲပြင်းထန်နေချိန်မှာပဲ သူ့အနေနဲ့ အရှေ့တောင်အာရှဒေသအတွင်းမှာ ယုံကြည်အားထားရတဲ့ မိတ်ဖက်နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ဖို့လည်း ကြိုးစားနေတာပါ။ ဗီယက်နမ်အနေနဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အပြန်အလှန် ကုန်သွယ်စည်းကြပ်ခွန် ၄၆ ရာခိုင်နှုန်း သတ်မှတ်မှုနဲ့ ကြုံတွေ့နေရတာပါ။
စစ်ရေးဖလှယ်မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအရ ဗီယက်နမ်ရေတပ်က သူ့ရဲ့ခေတ်အမီဆုံး ရေမျက်နှာပြင် တိုက်ခိုက်ရေးသင်္ဘော နှစ်စီးလည်းဖြစ်တဲ့ ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေးသင်္ဘော ၀၁၅ နဲ့ ၀၁၆ တို့ကို တရုတ်နိုင်ငံကို စေလွှတ်မှာဖြစ်ပါတယ်။ ထိုသင်္ဘောတွေက ပူးတွဲကင်းလှည့်မှုအစီအစဉ်မှာ ပထမဆုံးအကြိမ်အဖြစ်ပါဝင်ကြမှာလည်း ဖြစ်ပါတယ်။ ပူးတွဲကင်းလှည့်မှု အစီအစဉ်မှာ ရေကြောင်းသွားလာရေး ရှာဖွေကယ်ဆယ်မှုလုပ်ငန်းတွေလည်း ပါဝင်ကြမှာပါ။
တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ဂျန်က ဗီယက်နမ်နိုင်ငံကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း လာရောက်ခဲ့ပါသေးတယ်။ အဲဒီတုံးက သူကဟနွိုင်မြို့မှာ ဗီယက်နမ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ တိုလမ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
Ref- SCMP