နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၂၈ ကြိမ် ဖြစ်လာပြီး တစ်ရက်ပျမ်းမျှ ၈ ကြိမ်နှုန်းဖြင့် လှုပ်ခတ်နေ





MT News
၁၃. ၄. ၂၀၂၅
မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီး ၁၆ ရက်အကြာ ယနေ့ မနက်တွင် နောက်ဆက်တွဲငလျင်အဖြစ် ပြင်းအား ၅ ဒသမ ၅ ရစ်ချ်တာစကေးဖြင့် ယခုမနက် လှုပ်ခတ်သွား၍ ပြည်သူများ ထိတ်လန့်တကြားထွက်ပြေးခဲ့ရမှု ဖြစ်ပွားခဲ့ရပြန်သည်။
မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခတ်ပြီးနောက် ၁၆ ရက်အတွင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၂၈ ကြိမ် ဖြစ်လာပြီး တစ်ရက်ပျမ်းမျှ ၈ ကြိမ်နှုန်းဖြင့် လှုပ်ခတ်နေသလို ယနေ့မနက်လှုပ်ခတ်မှုမှာ ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၈ နာရီ ၅၄ မိနစ်၊ ၅၉ စက္ကန့်တွင် ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ အနက် ၂၀ ကီလိုမီတာကို ဗဟိုပြုကာ ပြင်းအား ၅ ဒသမ ၅ ရစ်ချ်တာစကေးဖြင့် လှုပ်ခတ်သွားသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။




သို့သော် အမေရိကန်ဘူမိလေ့လာရေးဌာန USGS ကမူ ယနေ့မနက် လှုပ်ခတ်သော ငလျင်ကို မိတ္ထီလာမြို့နှင့် ၃၄ ကီလိုမီတာအကွာ မြေအောက်အနက် ၇ ဒသမ ၇ ကီလိုမီတာမှ ပြင်းအား ၅ ဒသမ ၅ ရစ်ချ်တာစကေးဖြင့် ငလျင်လှုပ်ခတ်သွားပြီး အဆိုပါငလျင်မှာ Strong ဖြစ်သောအဆင့်ဖြစ်ကာ သေပျောက်ပျက်စီးမှုရှိနိုင်သော၊ မြန်မာ့ဂျီဒီပီ၏ ၁ ရာခိုင်နှုန်းခန့်ထိခိုက်နိုင်သော အင်အားပြင်းငလျင်အဖြစ် ဖော်ညွှန်းထားသည်။
“ငလျင်ထပ်လှုပ်ပြန်ပြီဟ ဆိုပြီး အကြောက်တရားကြီးနဲ့ ဆင်းပြေးရပြန်တာပဲ။ တော်တော်လေးကို ပြင်းပြင်းထန်ထန်လှုပ်သွားတာ။ ငလျင်က ပြင်းတာတွေရော၊ ပျော့တာတွေရော ဆက်တိုက်လှုပ်နေပြီး ငလျင်ကြီးလာမယ်လို့ သတင်းတွေထွက်နေတာရော၊ ဒီငလျင်က ကာလဘယ်လောက်ကြာအောင် လှုပ်နိုင်တယ်ဆိုတာတွေပါ မသိရတော့ အကြောက်တရားကြီးနဲ့ နေနေရတာပေါ့။ မကြောက်လို့လည်း မရဘူး။ ကိုယ့်မျက်စိရှေ့တင် တိုက်ကြီးတွေပြို၊ ဘဝတွေပျက်၊ အသက်တွေဆုံးရှုံးနဲ့ ဖြစ်သွားတာမို့ မန္တလေးမှာဆို အကုန်လုံး လမ်းပေါ် ဆင်းပြေးရတာပဲ”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ငလျင်ဟာ ရန်ကုန်ကို သက်ရောက်မှုမရှိခဲ့ပေမဲ့ မိတ္ထီလာ၊ ဝမ်းတွင်း၊ စဉ့်ကိုင်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ လွိုင်ကော်၊ ရမည်းသင်း၊ ညောင်ရွှေ၊ အင်းလေး၊ နေပြည်တော်၊ မုံရွာ၊ ပျဥ်းမနား၊ ကျောက်ပန်းတောင်း စတဲ့ မြေလတ်ပိုင်းတွေ အဓိက သက်ရောက်ခဲ့တယ်လို့လည်း သိရပြီး ပြင်းအားမြင့်ငလျင်ဖြစ်တဲ့အတွက် ပျက်စီးထိခိုက်မှုရှိ မရှိကို MT News က စုံစမ်းနေပြီး အသေးစိတ်သိရှိရတာ ဆက်လက် ဖော်ပြပေးပါ့မယ်။