၂၃. ၁. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာန စုံထောက်များက ဒီလာဝယ်လ်ပြည်နယ်၊ ဝီလ်မင်တန်မြို့ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ နေအိမ်သို့ ဇန်နဝါရီ ၂၀ ရက်က ၁၃ နာရီကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် လျှို့ဝှက်စာရွက်စာတမ်းခြောက်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း သမ္မတ၏ ရှေ့နေတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဝီလ်မင်တန်မြို့နေအိမ်မှ သိမ်းဆည်းရမိခဲ့သော အဆိုပါလျှို့ဝှက်စာရွက်စာတမ်းများအနက် အချို့က ဂျိုးဘိုင်ဒင် အထက်လွှတ်တော်အမတ် တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပြီး ကျန်ရှိသည့်အချို့က သမ္မတအိုဘားမားအစိုးရလက်ထက်တွင် ၎င်း ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့စဉ်ကဖြစ်ကြောင်း သိရသည်။ ထိုသို့ရှာဖွေမှု ပြုစဉ်က သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဇနီးတို့မှာ နေအိမ်တွင်မရှိကြပေ။
ဇန်နဝါရီလဆန်းပိုင်းကလည်း Penn Biden Center ခေါ် ပင်ဆီဗေးလ်နီးယားပြည်နယ်တက္ကသိုလ်၏ ဝါရှင်တန်ဒီစီမြို့၌ သမ္မတကတည်ထောင်ထားသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့ ဖောင်ဒေးရှင်းကို နိုဝင်ဘာ၂ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့မှု၌ လျှို့ဝှက်စာရွက်စာတမ်းအချို့တွေ့ရှိခဲ့သေးကြောင်း ဂျိုးဘိုင်ဒင်၏ရှေ့နေများက ဇန်နဝါရီလဆန်းပိုင်းကလည်း ပြောကြားခဲ့ကြသေးသည်။
တဖန် ဝီလ်မင်တန်ရှိအိမ်၏ ကားဂိုဒေါင်အတွင်းမှလည်း ဒီဇင်ဘာ ၂၀ ရက်က မှတ်တမ်းအချို့ ဒုတိယအကြိမ်တွေ့ခဲ့ရပြီး ဇန်နဝါရီ ၁၂ ရက်ကလည်း အိမ်၏ ပစ္စည်းသိုလှောင်ရာနေရာ၌ အခြားလျှို့ဝှက်စာရွက်စာတမ်းတစ်ခုကို တွေ့ရှိခဲ့သေးသည်။ ထိုသို့ လျှို့ဝှက်စာရွက်စာတမ်းများကိုတွေ့ရှိခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က စာရွက်စာတမ်းများကို အမျိုးသားမော်ကွန်းတိုက်သို့ လွှဲပြောင်းပေးအပ်ရန် ၎င်း၏အဖွဲ့အား ပြောခဲ့သည်။ သို့သော် ဂျိုးဘိုင်ဒင်အနေဖြင့် ထိုလျှို့ဝှက်စာရွက်စာတမ်းများကို အဘယ်ကြောင့်သိမ်းဆည်းထားသနည်း ရှင်းလင်းစွာမသိရပေ။
သမ္မတဟောင်းဒေါ်နယ်ထရန့်သည်လည်း ၎င်း၏ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်တွင် လျှို့ဝှက်စာရွက်စာတမ်းများတွေ့ရှိခဲ့ရမှုနှင့် ၎င်းအား တရားရုံးမှဆင့်ခေါ်စာကို မလိုက်နာခဲ့သည့်အတွက် လျှို့ဝှက်စာရွက်စာတမ်းများအား စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် ရာဇဝတ်မှုမြောက်သေ ာစုံစမ်းစစ်ဆေးမှုကို ခံနေရသည်။ သို့သော် သမ္မတဟောင်းဒေါ်နယ်ထရန့်ကလည်း လျှို့ဝှက်စာရွက်စာတမ်းများကိုစီမံခန့်ခွဲမှု၌ တာဝန်မဲ့ရာမရောက်ခဲ့ကြောင်း၊ သမ္မတတစ်ဦးအနေနှင့် ၎င်းက လျှို့ဝှက်စာရွက်စာတမ်းများကို လျှို့ဝှက်အဆင့်မှ လျှော့ချသတ်မှတ်ခွင့်ရှိကြောင်း ပြောခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် သမ္မတမှတ်တမ်းများအက်ဥပဒေ(Presidential Records Act) အရ အစိုးရအဖွဲ့တစ်ရပ်အနေနှင့် တာဝန်သက်တမ်းကုန်ဆုံးပြီးသောအခါ သမ္မတရုံးက စာရွက်စာတမ်းမှတ်တမ်းများကို လုံခြုံစွာသိမ်းဆည်းထားနိုင်သော အမျိုးသားမော်ကွန်းတိုက်သို့ လွှဲပြောင်းပေးရသည်။
သမ္မတဂျိုးဘိုင်ဒင်အတွက် ဤကဲ့သို့အထက်လွှတ်တော်အမတ်နှင့် ဒုတိယသမ္မတတာဝန်ထမ်းဆောင်စဉ်တို့က လျှို့ဝှက်စာရွက်စာတမ်းများသိမ်းဆည်းထားသည်ကို တွေ့ရှိနေရမှုက အကယ်၍ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတ ဒုတိယသက်တမ်းအတွက် ၎င်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက ကြေညာမှုပြုရန် ကြိုတင်ပြင်ဆင်နေမှုအား များစွာထိခိုက်စေမည့် နိုင်ငံရေးဆိုင်ရာခေါင်းခဲစေမည့်အကြောင်းလည်းဖြစ်သည်။ ထိုအချိန်တွင်ပင် ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရန့်အား နေအိမ်မှ လျှို့ဝှက်စာရွက်စာတမ်းများတွေ့ရှိရမှုအတွက် လုံးဝတာဝန်မဲ့ကြောင်း ပြောကြားခဲ့သေးသည်။
Ref-BBC