
၁၂.၄.၂၀၂၅
Written By Zun
မလေးရှားနိုင်ငံ၊ ဆီလန်းဂေါပြည်နယ်တွင် အထောက်အထား မပြည့်စုံသည့် မြန်မာနိုင်ငံသား ၅၉ ဦး အဖမ်းခံရကြောင်း မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့၏ ယမန်နေ့ ဧပြီလ ၁၁ ရက် ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများ နေထိုင်သည့် မြို့နယ်များကို ယခု ဧပြီလ လဆန်းပိုင်းကစ၍ မလေးရှားရဲတပ်ဖွဲ့နှင့် အော်ပရာစီတို့ ပူးပေါင်းစစ်ဆေးမှုများပြုလုပ်ကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၅၉ ဦး အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၃ ဦး၊ နီပေါနိုင်ငံသား ၄၆ ဦး၊ အိန္ဒိယနိုင်ငံသား ၂၂ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၆ ဦးနှင့် ဆူဒန်နိုင်ငံသား ၂ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။
“မြန်မာနိုင်ငံသားတွေ အနေနဲ့ မျက်စိနောက်အောင် မနေသင့်ဘူး။ ကိုယ်တိုင် စာရွက်စာတမ်းပြည့်စုံရင် တစ်မျိုး။ အခုက မြန်မာတွေ မလေးရှားမှာ အရက်ဝယ်ဖို့ ထွက်လိုက်။ မူးပြီး လမ်းလျှောက် သွားလိုက်လာလိုက် လုပ်နေသူတွေက တစ်ပုံတစ်ပင်၊ အဖမ်းအဆီးမရှိရင်တောင် မျက်စိနောက်လို့ လက်တို့လိုက်ရင်အဖမ်းခံရနိုင်တယ်။ အခုက အဖမ်းကြမ်းနေတာ”ဟု မလေးရှားတွင် ၁၀ နှစ်ကျော် နေထိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ထောင်ဂဏန်းကျော် ရှိခဲ့ကြောင်း သိရသည်။
ပုံစာ- ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက အဖမ်းခံရသော မြန်မာနိုင်ငံသားများအား တွေ့ရစဉ်