



၁၂.၄.၂၀၂၅
Written By Zun
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ကြခတ်ရွာ PDF ဌာနချုပ်ကို တပ်မတော်က ယနေ့ ဧပြီလ ၁၂ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယင်း PDF ဌာနချုပ်ကို ကြခတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ထားကာ ယင်းဘုန်းကြီးကျောင်းရှိ သံဃာများ၊ ကိုရင်များမှာလည်း အကြမ်းဖက်အုပ်စုများကို အားပေးပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း လူသူ လက်နက်များ သိုလှောင်ခြင်းကို လက်ခံလျက် ဌာနချုပ်အဖြစ် ခွင့်ပြုစခန်းချခွင့်ပြုထားသည့်နေရာ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ လေကြောင်းဗုံးကြဲ ရှင်းလင်းခြင်းကြောင့် PDF ၆ ဦးသေဆုံးကာ ရာနှင့်ချီသော PDF နှင့် PDF အားပေးသူများ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ယင်းအပြင် PDF အဖွဲ့ဝင်အချို့ က သာမဏေအဖြစ်သွတ်သွင်းထား သော ကိုရင် ၃ ပါးလည်း ပျံလွန်ကြောင်း သိရသည်။




“အဲဒီမှာ သင်္ကြန် ဆိုတော့ သူတို့က တရားနာတာ လုပ်တယ်။ ပြောရရင် PDF တွေ အားလုံး ရာနဲ့ချီပြီး ကျောင်းဝင်းထဲမှာ ရှိနေတာ။ အဲဒီအချိန်မှာ လေကြောင်းက သမ ခံရတာ။ မြေပြင်သတင်းတွေအရ PDF တွေ ရာနဲ့ချီပြီး ဒဏ်ရာရတယ်။ ကိုရင်တွေ ထိတယ်။ ကိုရင်တွေကလည်း PDF သားလေးတွေပဲလေ။သူတို့က ကလေးတွေကို ခုတုံးလုပ်တာ။ ကလေးတွေ အသက်ဆုံးရှုံးရင်တော့ တပ်ဘက်ကို အပြစ်ဖို့တာပေါ့။သူတို့ကိုယ်တိုင်က ဘုန်းကြီးကျောင်းမှာ လက်နက် တွေ ၊ PDF တွေ ကို ထားတာ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ဒီပဲယင်းမြို့နယ်ဆိုသည်မှာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်တွင် PDF အပါ အဝင် အကြမ်းဖက်အဖွဲ့များက ထိန်းချုပ်ခဲ့သည်ဟု ကြေညာထားသော မြို့နယ်လည်း ဖြစ်ကြောင်း သိရသည်။