


၁၂.၄.၂၀၂၅
Written By Zun
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်း မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်းသွားသည့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ မကိုဋ်တော်အား ယနေ့ ဧပြီလ ၁၂ ရက်တွင် ပြန်လည်တည့်မတ်ပြီး ဖြစ်ကြောင်း သိရသည်။
မကိုဋ်တော်အား ပြန်လည်တည့်မတ်မည့်လုပ်ငန်းတွင် ပထမအဆင့်အဖြစ် ပလ္လင်တော်ပေါ်၌ ငြမ်းဆင်ခြင်းကို ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့တန်ခူးလပြည့်နေ့ ၊ ဧပြီလ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဝါရင့်ရွှေပန်းတိမ်ဆရာကြီးများဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမကိုဋ်တော်ကြီးမှာ ဘုရားဖူးအများပြည်သူ ချိတ်ဆွဲ လှူဒါန်း ပူဇော်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများ၏ အလေးချိန်ကြောင့် ငလျင်ကြီးလှုပ်ချိန်တွင် တိမ်းစောင်းသွားခဲ့ရခြင်းဖြစ်ကြောင်း၊ ငလျင်ကြီးလှုပ်ခဲ့သော်လည်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ပလ္လင်တော်မှာ ကွဲအက်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
လုပ်ငန်းလုပ်ဆောင်ရာတွင် ရုပ်ရှင်တော်မြတ်ကြီးပေါ်ပေကျံနေသည့် ဖုန်မှုန်များကို လေမှုတ်စက်အသုံးပြု ရှင်းလင်း၍ ရောင်တော်ဖွင့်ပြီးနောက် ကျွမ်းကျင် ပန်းထိမ်ပညာရှင်များဖြင့် မကိုဋ်တော်ကြီးအား မူလအတိုင်း ဖြစ်အောင် ပြန်လည်တည့်မတ်ပေးခဲ့ကြကြောင်း ဘုရားကြီးဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ဖျက်အားပြင်းမန္တလေးငလျင်ကြီးကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး သီတင်းသုံးရာ ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီး၏ ထီးတော်ရှိ စိန်ဖူးတော် မြေခခြင်း၊ ရွှေသားထီးတော်ကြီး အနောက်ဘက်စောင်းခြင်း၊ ကျောင်းတော်ကြီး ၏ အရပ်လေးမျက်နှာရှိ နေရာအချို့နှင့် တန်ဆောင်းနေရာအချို့ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ မကြာမီ ယင်းတို့ကိုလည်း အဆင့်ဆင့် ပြန်လည် ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။