
၁၂. ၄. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှုများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာနှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။
ယင်းကဲ့သို့ ပြောကြားရာတွင် ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာက မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း နိုင်ငံတကာမှ အကူအညီများရရှိနေသည်ဟု သိရှိရပါကြောင်း ပြောကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌက ယခုကဲ့သို့ မိမိတို့နိုင်ငံတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် ဆက်သွယ်မေးမြန်းပြောကြားသဖြင့် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့ပြီးချိန်၌ နိုင်ငံတကာမှလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း လာရောက်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်တွင် ရှင်းလင်းရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။