



MT News
၁၂. ၄. ၂၀၂၅
ရန်ကုန်မြို့မှာ ဒီညနေပိုင်းက မိုးသည်းထန်စွာရွာခဲ့သလို ဒီလိုမိုးသည်းထန်တာကြောင့် အနိမ့်ပိုင်းနေအိမ်တွေရေဝင်တာ၊ သစ်ပင်ကြီးတွေလဲပြိုတာပါဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“နေ့လယ် ၃ နာရီခွဲကျော်ကျော်က ကျောက်မြောင်းထဲမှာ မိုးတအားသည်းတာ။ မိုးမှောင်ကျပြီးကို ရွာသွားတာ။ မိုးကရေလည်းပါတော့ အနိမ့်နေရာတွေ ရေပြည့်သွားတယ်”လို့ ကျောက်မြောင်းမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။





ဒီလို အချိန်အခါမဟုတ် မိုးသည်းခဲ့တာကြောင့် ရန်ကင်း၊ မင်္ဂလာတောင်ညွန့်နဲ့ မြို့နယ်တချို့မှာ သစ်ပင်ကြီးတွေလဲပြိုခဲ့တာကြောင့် မီးသတ်ဦးစီးဌာနက လိုက်လံရှင်းလင်းနေရသလို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေသလို ဒီလို မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက် မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ဖို့နဲ့ မနက်ဖြန်မှာလည်း နိုင်ငံတစ်ဝန်းမှာ မိုးဆက်လက် ရွာသွန်းမယ် ကြေညာထားပါတယ်။