
၁၂.၄.၂၀၂၅.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်အတွင်းနှင့် အိမ်နီးချင်းနီပေါနိုင်ငံတို့တွင် ပုံမှန်မဟုတ်သည့် ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်ခဲ့မှုကြောင့် ဧပြီလ၏ ဒုတိယရက်သတ္တပတ်အတွင်း အနည်းဆုံး လူ ၆၉ ဦးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ဧပြီလ ၁၂ ရက်တွင် ပြောကြားခဲ့ကြသည်။
နှစ်စဉ်လိုပင် ရေကြီးမှုများနှင့် မိုးကြိုးပစ်မှုများကြောင့် လူ ထောင်နှင့်ချီ၍သေဆုံးရတတ်သလို ကမ္ဘာ့ အပူချိန်မြင့်တက်လာနေခြင်းက အစွန်းရောက်ရာသီဥတုဖြစ်ရပ်များ ဖြစ်လာစေနိုင်သည်ကို သိပ္ပံပညာရှင်များက သတိပေးထားကြသည်။

ဘီဟာပြည်နယ်တွင်ဆိုလျှင် ဧပြီလ ၁၀ ရက်နှင့် ဧပြီလ ၁၁ ရက်တို့တွင် ပြင်းထန်သောလေမုန်တိုင်းများနှင့် မိုးကြိုးပစ်မှုများကြောင့် အနည်းဆုံး လူ ၆၁ ဦးထိ သေဆုံးခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်များက ပြောခဲ့ကြသည်။
ထို့ပြင် နီပေါနိုင်ငံ၌ ဧပြီလ ၉ ရက်နှင့် ဧပြီလ ၁၀ ရက်တို့တွင် မိုးကြိုးပစ်ခတ်မှုများကြောင့် လူရှစ်ဦးထက်မနည်းသေဆုံးခဲ့ရကြောင်းလည်း သိရသည်။
ဘီဟာပြည်နယ်တွင် ဧပြီလ ၁၂ ရက်၌ မိုးသည်းထန်စွာ တစ်ဖန်ပြန်လည်၍ ရွာသွန်းနိုင်သေးသည်ကိုလည်းမိုးလေဝသဌာနက ခန့်မှန်းထားသည်။
Ref-CNA