
၁၂.၄.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အီဗန် ဟက်ဗ်ရီလစ်ခ်က ယူကရိန်းအစိုးရအဖွဲ့ရဲ့ ပထမ ဒုတိယ ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်မယ်လို့ ဧပြီလ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။
ဟက်ဗ်ရီလစ်ခ် က ယူကရိန်းမီဒီယာ Suspilne နဲ့တွေ့ဆုံရာမှာ ဘာကြောင့်ဆိုတဲ့အကြောင်းရင်းကို ပြောကြားခြင်းမရှိပေမယ့် သူ့အနေနဲ့ ရာထူးကနုတ်ထွက်မယ်လို့ ဆုံးဖြတ်ပြီးပြီလို့ ပြောခဲ့ပါတယ်။
ဒီမတိုင်ခင်ကလည်း သတင်းစာဆရာတစ်ဦးနဲ့ကာကွယ်ရေးဝန်ကြီးဌာန၊ ကြီးကြပ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့ တီတီယာနာ နီကိုလာရန်ကိုက ပထမ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဟက်ဗ်ရီလစ်ခ် အနေနဲ့ ကာကွယ်ရေးဝန်ကြီး ရပ်စတင်မ် ယူမီရော့ဗ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် ရာထူးမှနုတ်ထွက်ဖွယ် ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်လက်နက် ပစ္စည်းတွေဝယ်ယူမှုတာဝန်ခံဖြစ်တဲ့ ဟက်ဗ်ရီလစ်ခ် ရာထူးမှနုတ်ထွက်မှုက သိသာမြင်သာတဲ့ ကာကွယ်ရေးပစ္စည်းဝယ်ယူမှုတစ်ခုအပေါ် အရှုပ်အထွေးတစ်ရပ် ဖြစ်လာခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ရပ်စတင်မ် ယူမီရော့ဗ်ကိုလည်း ကာကွယ်ရေးစစ်လက်နက်ပစ္စည်းဝယ်ယူရေး အေဂျင်စီရဲ့ လွတ်လပ်မှုကို ဖျက်စီးခဲ့တယ်လို့ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ လွှတ်တော်အမတ်တွေနဲ့ လာဘ်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ပါတယ်။
ဇန်နဝါရီလအတွင်းကလည်း ယူမီရော့ဗ်က ကာကွယ်ရေးစစ်လက်နက်ပစ္စည်းဝယ်ယူရေး အေဂျင်စီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မာရီနာ ဘက်ဇ်ရူကိုဗါကို ရာထူးမှထုတ်ပယ်ခဲ့ပါသေးတယ်။
ရာထူးမှနုတ်ထွက်မယ်ဆိုတဲ့ ပထမ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဟက်ဗ်ရီလစ်ခ်ဟာ စစ်လက်နက် ပစ္စည်းတွေဝယ်ယူမှုတာဝန်ခံအဖြစ် ၂၀၂၄ ခုနှစ်၊မေလက စတင်တာဝန်ပေးခြင်းခံခဲ့ရတာပါ။
Ref- Kyiv Independent