၂၃. ၁. ၂၀၂၃
Written By Thandar
သရုပ်ဆောင် ဆောင်းယွန်းစံရဲ့ ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ကျရောက်တဲ့ မွေးနေ့မှာ အရင်နှစ် မွေးနေ့တွေထက် ပိုပြီးရင့်ကျက်လာတယ် ပိုပြီးလူကြီးဆန်လာတယ်လို့ သူမက ဆိုပါတယ်။
သူမရဲ့ မွေးနေ့ အလှူအနေနဲ့ ရန်ကုန်မြို့ သန်လျင်မြို့နယ်က သဒ္ဓမ္မမဥ္ဇူ သီလရှင်စာသင်တိုက်နဲ့ သီလရှင် သင်ပညာရေးကျောင်းမှာ ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ ဝတ္ထုငွေ လှူဒါန်းခဲ့ပါတယ်။
“ဆောင်းရဲ့ မွေးနေ့မှာ သီလရှင်သင် ပညာကျောင်းကို ဆန်၊ ဆီ၊ စားသောက်ကုန်တွေ လှူဖြစ်တာပါ။ ဆောင်း ဒီနှစ်နောက်ပိုင်း သီလရှင်ကျောင်းတွေကို ပိုလှူဖြစ်တာများပါတယ်။ မွေးနေ့အလှူအတွက် ဓမ္မာရုံလှူဖို့ သတ်မှတ်ထားပေမယ့် ဓမ္မာရုံဆောက်တာ မပြီးသေးတော့ မွေးနေ့မှာလည်း တစ်ခုခုလှူချင်တယ်လေ။ ဘယ်မှာ လှူရမယ်ဆိုတာ အဆင်သင့်မဖြစ်တော့ သူငယ်ချင်းတစ်ယောက်ကို တကယ်လိုအပ်တဲ့နေရာပြောပါလို့ အကူအညီ တောင်းခဲ့တယ်။ သူငယ်ချင်းကလည်း ဒီသီလရှင်သင် ပညာရေးကျောင်းကို ညွှန်ပေးလို့ လှူဖြစ်သွားတာပါ” လို့ သရုပ်ဆောင် ဆောင်းယွန်းစံကပြောပါတယ်။
ဒီသီလရှင်ကျောင်းမှာ နယ်စပ်ဒေသက သီလရှင်ငယ်၊ ကလေး ၉၀ ကျော် ၁၀၀ နီးပါးရှိပြီး ကျောင်းအတွက် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူး၊ ကြက်ဥ၊ မုန့်၊ ဝတ္ထုငွေ စတာတွေကို လှူဒါန်းခဲ့ပါတယ်။ အဆိုပါ ကျောင်းမှာရှိတဲ့ သီလရှင်လေးတွေကို လောကီ၊ လောကုတ္တရာစာပေတွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။
“တကယ်လိုအပ်နေတဲ့ ကျောင်းလေးကို လှူဒါန်းရလို့လည်း အရမ်းပျော်ပါတယ်။ တောင်ပေါ်ဒေသ နယ်စပ်ဒေသ ကလေးတွေ မိသားစုနဲ့ အဝေးမှာ လောကီ လောကုတ္တရာစာပေတွေကို စိတ်ဝင်တစား လာရောက် သင်ယူကြတာတွေ့တော့လည်း ကလေးတွေကို လှူရတာဝမ်းသာတယ်။ အရင်နှစ် မွေးနေ့တွေထက် ပိုပြီးရင့်ကျက်လာတယ်။ ပိုပြီးလူကြီးဆန်လာတယ်။ ကိုယ့်ကိုကိုယ် တစ်ရက်ထက် တစ်ရက်ရင့်ကျက်လာတယ်လို့ ခံစားရပါတယ်”လို့ သူမကဆက်ပြောပါတယ်။
သူမကတော့ မကြာခဏဆိုသလို ပရဟိတတွေလုပ်ရင်း ကုသိုလ်တွေပြုနေသလို ၂၀၂၂ ခုနှစ် ၃၁ ရက်နေ့ကလည်း သံဃာတော်တွေနားနေဖို့အတွက် ဓမ္မာရုံဆောက်လုပ်ဖို့အတွက်လည်း ပန္နက်ရိုက်ပြီး တည်ဆောက်မှုတွေ လုပ်ကိုင်နေလျက်ရှိတယ်လို့လည်း သိရပါတယ်။