
၁၂. ၄. ၂၀၂၅
Written by Tha Doe
ထောင်ဒဏ်ကျခံနေရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဧဒင်ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာလုပ်ငန်းစုက ဦးခင်ရွှေရဲ့သားဖြစ်သူ ဦးဇေသီဟတို့ဟာ ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ်၊ Denko နဲ့ လုပ်ငန်းအများအပြား ပိုင်ဆိုင်ထားတဲ့ ဧဒင် ဦးချစ်ခိုင်ဟာ မန္တလေး အိုးဘိုထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပြီး ဦးဇေသီဟက ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတာ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

“မိသားစုဝင်အားလုံး စောင့်နေကြတဲ့ နေ့လေး ရောက်လာပြီ”လို့ သရုပ်ဆောင်နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ စိန်ဖြိုးလှိုင်က အမဖြစ်သူ နန္ဒာလှိုင်နဲ့ ခင်ပွန်းဖြစ်သူဦးဇေသီဟတို့ ဇနီးမောင်နှံပုံနဲ့ ဒီနေ့လယ်မှာ ဖော်ပြအသိပေးထားသလို ဦးချစ်ခိုင်ရဲ့ မိတ်ဆွေတွေကလည်း သူအသုံးပြုတဲ့ Chit Khine အကောင့်ကို Tag တွဲပြီး ကြိုဆိုကြောင်း နှုတ်ခွန်းဆက်ရေးသားနေတာ တွေ့ရပါတယ်။
ဧဒင် ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်ဟာ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံလုပ်ငန်းမှာ အခွန်လျှော့နည်းပေးဆောင်မှုနဲ့ ၂၀၂၂ ခုနှစ် ဧပြီလက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပြီး ဦးဇေသီဟက ရှေးဟောင်းအဆောက်အအုံတွေကို ခွင့်ပြုချက်မရှိဘဲ ဖြိုဖျက်မှုနဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်က ဖခင်နဲ့အတူ ဖမ်းဆီးခံခဲ့ရပေမဲ့ ဦးခင်ရွှေကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်ကတည်းက ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
ဦးချစ်ခိုင်နဲ့ ဦးဇေသီဟတို့အပြင် စားအုန်းဆီဈေးကစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဆီလုပ်ငန်းရှင် တချို့လည်း ပြန်လွတ်လာတယ်လို့ သိရပါတယ်။ Photo /Credit