




၁၂. ၄. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်၊ ရွာငံ-အောင်ပန်း လမ်းပိုင်းမှာ ဗိုလ်ကြီးမျိုးဇော်သန်းဆိုသူ လိုက်ပါလာတဲ့ အိမ်စီးကားကို ဓနုလက်နက်ကိုင်တွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ဗိုလ်ကြီးမျိုးဇော်သန်း ပွဲချင်းပြီး သေဆုံးပြီး ပစ္စတို သေနတ်နဲ့ လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ DANU STATE NATIONAL DEFENCE ARMY (DSNDA) က ဝန်ခံထားပါတယ်။
ဖြစ်စဥ်က ဧပြီလ ၁၁ ရက်နေ့မှာ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း လမ်းမဘေး လမ်းခွဲတစ်နေရာမှာ DSNDA က PDF တွေ စစ်ဆေးရေး လုပ်ဆောင်နေချိန် အိမ်စီးကား ၁ စီးက စစ်ဆေးခံမှုမရှိဘဲ ကားပြန်လှည့်ပြေးတာကြောင့် ဝိုင်းဝန်းပစ်ခတ်လိုက်ကြတာပါ။
ဒီ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကားမောင်းလာတဲ့ ဗိုလ်ကြီးမျိုးဇော်သန်း ပွဲချင်းပြီး သေဆုံးခဲ့သလို ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်းနဲ့ ငွေသား သိန်း ၃၀ ခန့်ကို လုယက် သိမ်းယူခဲ့တယ်လို့လည်း ကျူးလွန်တဲ့ DSNDA က ဝန်ခံထားပါတယ်။