၂၃. ၁. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့ရှိ ဦးပွားကုန်းကျော်တံတားအောက် သံလမ်းဘေးတွင် သေဆုံးနေသော အမည်မသိ အမျိုးသားရုပ်အလောင်းကို ယမန်နေ့ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း မြို့ခံလူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဦးပွားကုန်းကျော်တံတားအောက်ရှိ သံလမ်းဘေးတွင် ဇန်နဝါရီ ၂၂ ရက်နေ့(ယမန်နေ့) ညနေ ၅ နာရီခန့်က အသက် ၃၀ အရွယ်ခန့်ရှိသည့် အမည်မသိအမျိုးသား ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
“ဦးပွားဂုံးကျော်တံတားအောက်မှာ ယောက်ကျားလေးအလောင်းတစ်လောင်းတွေ့တယ်လို့ ဖုန်းဆက်လာလို့ အသင်းက သွားပြီးကြည့်တော့ သွေးလည်းမထွက်ဘဲသေနေတာကိုတွေ့ရတယ်။ အဲဒါနဲ့သက်ဆိုင်ရာကို အကြောင်းကြားပြီးမှ ဆေးရုံကြီးကိုပို့ခဲ့တာပါ။ ရောဂါကြောင့် သေတာလိုလို တစ်ခုခုသုံးစွဲပြီး သေနေတာလို့တော့ ပတ်ဝန်းကျင်ကပြောဆိုသံတော့ကြားလိုက်တယ်။ သူ့ဘေးမှာတော့ ဆေးထိုးအပ် နှစ်ချောင်းတော့ တွေ့တယ်။ သက်ဆိုင်ရာဆေးပညာရှင်တွေ မှတ်ချက်ပေးပြီးတော့မှ အဖြေတစ်ခုကိုသိရမှာပေါ့။ အလောင်းက အဲဒီပတ်ဝန်းကျင်ကလည်း မဟုတ်ဘူးလို့ ပြောသံကြားတာပဲ။ အခုထိလည်းပိုင်ရှင်မပေါ်သေးဘူး”ဟု ရွာဘုံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။
အဆိုပါရုပ်အလောင်းအား သက်ဆိုင်ရာမှာလာရောက်စစ်ဆေးပြီးနောက် ရွာဘုံလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မန္တလေးဂေါ်ဝန်ဆိပ်ကမ်းတွင် ဘယ်ကလာမှန်းမသိတဲ့ သေဆုံးနေသော အမျိုးသမီးရုပ်အလောင်းကိုလည်းတွေ့ရှိကာ မြို့ခံလူမှုကူညီရေးအဖွဲ့က မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။