



၁၂.၄.၂၀၂၅
Written By Thandar
ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဘေးသင့်ပြီး အလုံးစုံ ပျက်စီးသွားတဲ့ အိမ်ခြေ ၂၂၉၇ အိမ်အတွက် တစ်အိမ်ထောင်ကို ကျပ် ၁၀ သိန်းနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၃၀၀၀ ကို ထောက်ပံ့ကူညီမှုပေးရင်း အားပေးနှစ်သိမ့်စကားပြောခဲ့ပါတယ်။
“ အမကတော့ အင်းလေးမှာ လာပြီးတော့ ငွေသားလာလှူပေးဖြစ်တာပါ။ တစ်အိမ်ထောင်ကို ၁၀ သိန်းနှုန်းနဲ့ပေါ့။ အိမ်ခြေပေါင်း ၂၂၉၇ အိမ်ကို လှူတာပါ။ အမလာလှူချိန်မှာ ပထမ အရင်ဘေးတုန်းကလည်း ၅ လကျော် ၆ လလောက်ပဲ ခြားသေးတာလေ။ အမ ငလျင်ဘေးကို ဒုတိယအကြိမ် ထပ်လာလှူရလို့ စိတ်ထဲမကောင်းပါဘူး။ ပထမဟာက အသက်ဆုံးရှုံးမှုမရှိဘူး။ ရေကတရိပ်ရိပ်တက်ပြီး အိမ်တွေ မြှုပ်နေတယ်။ ဒီတစ်ကြိမ်က ဝုန်းကနဲဆိုရင် မြေစရာ မြေလည်းမရှိဘူး ရေထဲမှာ အိမ်တွေပိပြီ ညပ်သွားတာတို့၊ ဓာတ်လိုက်ပြီး ဆုံးတာတို့၊ အောက်ကို ခုန်ချပေမယ့် အိမ်ပစ္စည်းတွေ ပိဆုံးသွားတာတို့ ရေမွန်းပြီးပိဆုံးတာရှိတယ်။ ကလေးတွေလည်း ဆုံးကြတယ်။ ၄၂ ယောက် ဆုံးတာလည်းရှိတယ်။ ကလေးနို့တိုက်မိခင်၊ ကလေးနဲ့ ဝုန်းကနဲလွင့်ထွက်သွားတာ ကလေးနဲ့ အမေဆုံးတော့ ရင်ထဲမှာ တော်တော်မကောင်းပါဘူး။ ဘယ်နေရာဖြစ်ဖြစ် ငလျင်ဘေးသင့်သူအားလုံး သူ့အကြောင်းနဲ့ သူဆိုပေမယ့် အားလုံးအတွက်က စိတ်မကောင်းစရာတွေပါ။ အင်းလေးကို ဒုတိယအကြိမ်ပြန်လာတာဆိုတော့ သူတို့လေးတွေကို မခိုင်နှင်းဝေက ထပ်ပြီး လာကူညီ ကြပြန်ပြီဆိုပြီး နှုတ်ဆက်ကြတော့ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မသိဘူး။ စိတ်ထဲမှာလေ။ နောက်တစ်ခါလာရင်တော့ ပျော်ပျော်ရွှင်ရွှင်ပဲ လာချင်တယ်လို့ အားပေးစကားပြောဖြစ်တယ်”လို့ မခိုင်နှင်းဝေ ကပြောပါတယ်။
ဒီလှူဒါန်းမှုကတော့ ပျက်စီးသွားတဲ့ အိမ်စာရင်းတွေကို ဧပြီ ၄ ရက်က ရွာသူကြီးတွေ ကောက်ခံထားတဲ့ အိမ်ခြေ ၂၂၉၇ အိမ်အတွက် တစ်အိမ်ထောင်ကို ကျပ် ၁၀ သိန်းနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၃၀၀၀ ကို ထောက်ပံ့ကူညီမှုပေးခဲ့တယ်လို့ သိရပါတယ်။
ခိုင်နှင်းဝေနဲ့ ခုနစ်ရက်သားသမီးတွေရဲ့ ငလျင်ဘေးသင့်အတွက် အလှူငွေတွေကတော့ ကျပ် သိန်းပေါင်း ၆ သောင်းကျော်ရှိခဲ့ပြီးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ငလျင်နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်ဆိုသလို ထပ်မံလှုပ်ခတ်နေတာမို့ ပြည်သူတချို့လည်း ငလျင်ဘေး ဆက်လက် ခံစားနေရတာလည်းဖြစ်ပါတယ်။