


၁၂. ၄. ၂၀၂၅
Written by Nyein Kyaw
ကရင်ပြည်နယ်၊ ဖာပွန်မြိုနယ်၊ ကမမောင်းမြို့ သံလွင်မြစ်ကမ်းဘေးတွင် အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ် နင်းမိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင်ဖောက်ခွဲ ခြင်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် ဧပြီ ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ မဇင်မြတ်နိုး (၁၂)နှစ်၊ မကြယ်စင်လင်းသန့် (၁၇)နှစ်နှင့် မစင်သီတာသိမ့်(၁၂)နှစ်တို့ ၃ ဦးသည် အဆိုပါရပ်ကွက်အနီး သံလွင်မြစ်ကမ်းဘေး၌ ရေကူးရန်သွားရောက်စဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံး အား မဇင်မြတ်နိုင်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ်များအား ဘားအံပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်မိုင်းထောင်သူများအား ဥပဒေ နှင့်အညီ အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။