ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် အင်းလေးဖောင်တော်ဦး ပြုပြင်ရေးလုပ်ငန်းများကို နှစ်စဉ်ကျင်းပနေသည့် ဒေသစာရီကြွချီပွဲမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်ရန်ပါ မှာကြား




၁၂. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်ဖြင့် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။
ငလျင်ဒဏ်သင့်ပြည်သူများ ကူညီကယ်ဆယ်ရးအတွက် နိုင်ငံတကာမှလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်ဖြင့် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။




SAC ဥက္ကဋ္ဌသည် ငလျင်ဒဏ်ကြောင့် အင်လေးဖောင်တော်ဦးမြတ်စွာဘုရားရှိ သာသနိကအဆောက်အဦများ ထိခိုက်ခဲ့မှုများကို သွားရောက်စစ်ဆေးခဲ့ပြီး အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပင်မစံကျောင်းတော်ကြီး ရေရှည်ကြံ့ခိုင်မှုရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ကျောက်၊ သဲ၊ သံချောင်းများနှင့် ဘိလပ်မြေတို့ကို အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ စံကျောင်းတော်ကြီးရှိ အောက်ခြေတိုင်များ ကြံ့ခိုင်မှုရှိစေရေး မြန်မြန်ဆန်ဆန် စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ငလျင်ဒဏ်ကြောင့် မြေကာနံရံများ၌ မြေပြိုကျခဲ့သည့်နေရာများအား Sheet Pile များဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်လိုကြောင်း၊ ပြုပြင်ရေးလုပ်ငန်းများအား နှစ်စဉ်ကျင်းပနေကျဖြစ်သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။