
MT News
၁၂. ၄. ၂၀၂၅
ကျိုင်းတုံမြို့နယ်၊ ၃၁ မိုင်ရွာအနီးတွင် ၆ ဘီးယာဥ်တစ်စီးမှာ အရှိန်လွန်ကာ ရေချောင်းထဲထိုးကျသွားရာက ၁ ဦးသေဆုံးကာ ၄ ဦး စိုးရိမ်ရမှု ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီ ၁၁ ရက် ည ၆ နာရီခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခအုပ်စု၊ ၃၁ မိုင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၄၂/၆-၇ ကြားတွင် Mitsubishi Canter ၆ဘီး အဖြူရောင်ယာဉ်သည် လမ်း၏ယာဘက် ပေ ၁၅၀ ခန့်နက်သော ရေချောင်းအတွင်းသို့ ထိုးကျသွားကြောင်းသတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း (၇)ဦးအနက် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသား (၁)ဦး (သေဆုံး)နှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား တိုင်းနေလူမှုကူညီရေးအသင်း၊ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း၊ မိဘသွေးလူမှုကူညီရေးအသင်း၊ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မိုင်းဖြတ်ပြည်သူ့ဆေးရုံကြီးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်၊၊




အဆိုပါ လမ်းပိုင်းဖြစ်သော မိုင်းဇင်းကျေးရွာအုပ်စု၊ လာတမော့တောင်အနီး မြို့ပတ်လမ်းမပေါ်၊ မိုင်တိုင်အမှတ် 6 KM နှင့် 6.5 KM ကြားတွင် ဧပြီ ၁၀ ရက် ည ၈ နာရီခွဲရလည်း HONDA FIT အိမ်စီးကား (၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ(၅၀)ခန့်နက်သော ချောက်ထဲသို့ ထိုးကျသွားသဖြင့် ယာဥ်ပေါ်ပါ အမျိုးသမီး (၁)ဦး ဒဏ်ရာရကာ အမျိုးသမီး (၁)ဦး သေဆုံးမှုလည်း ယခုရက်ပိုင်းတွင်ပင်ဖြစ်ပွားခဲ့ကာ ဧပြီ ၈ ရက်ည ၈ နာရီခွဲခန့်ကလည်း စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဥ် တိမ်းမှောက်သဖြင့် (၇) ဦးသေဆုံးကာ ကိုယ်ဝန်ဆောင်အပါအဝင် (၃) ဦး ဒဏ်ရာရခဲ့သည်။