
၁၂. ၄. ၂၀၂၅
Written by Nyein Kyaw
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ ပထမမိုင်းသောက်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသ ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပြီး SAC ဥက္ကဋ္ဌက ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဓမ္မာရုံတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ပန်းမန်၊ သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ပထမမိုင်းသောက် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီးနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကိုယူဆောင်၍ စေတီတော်ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီး ကာရံကြသည်။
SAC ဥက္ကဋ္ဌနှင့် ဇနီး၊ မိသားစုဝင်များက သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်ကို ပထမမိုင်းသောက်ဆရာတော်ကြီးထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ်ပူဇော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ရွှေဘုန်းပွင့် စေတီတော်ဂေါပကအဖွဲ့နာယက၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ငှက်မြတ်နားတော်၊ ရတနာစိန်ပန်းခိုင်၊ ဆပ်သွားဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော်အရှင်သူမြတ်များထံ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

SAC ဥက္ကဋ္ဌနှင့် ဇနီး၊ မိသားစုဝင်များနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရှမ်းပြည်နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့်ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပို့ဆောင်ကြပြီးနောက် မင်္ဂလာအချိန်တွင် SAC ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်ခဲ့ကြသည်။

ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြပြီးနောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ငှက်ပျောဖူးတော်နေရာ၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့က လှူဒါန်းသည့် ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၁ ချပ်အား ကပ်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်ဟု သိရသည်။