
၁၁.၄.၂၀၂၅
Written by Hey Mar
ရန်ကုန်-ပုသိမ်လမ်းမပေါ် လှိုင်သာယာမြို့နယ် ထန်းတပင်တာဆုံအကျော်မှာ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ လူခြောက်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဧပြီ ၁၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ခရီးသည်တင်ယာဉ်ရဲ့ နောက်ပိုင်းကို ဆယ်ဘီးကားက ဝင်တိုးမိပြီး လည်ထွက်ကာ ဆန့်ကျင်ဘက်ယာဉ်ကြောက ရေသန့်ဗူးတင်ဆောင်လာတဲ့ ကားကိုဝင်တိုက်မိတာကြောင့် ရေသန့်ဗူးတင်ဆောင်လာတဲ့ကားက လမ်းဘေး ကားမှတ်တိုင်ကို ထပ်မံဝင်တိုက်လို့ ကားမှတ်အတွင်း ထိုင်ကာ ကားစောင့်နေတဲ့ သားအမိ နှစ်ဦးအနက် အမေဖြစ်သူ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ ပရဟိတဝန်ထမ်းတစ်ဦးဖြစ်သူ ဦးထီးက “ကျွန်တော်တို့ရောက်တော့ ဖြစ်စဉ်ကို ဘေးပတ်ဝန်းကျင် ပြန်ပြောပြတာက ခရီးသည်တင်ကား မှတ်တိုင်မှာ ရုတ်တရက် ရပ်ချိန် နောက်က ပါလာတဲ့ ဆယ်ဘီးကားက ဝင်တိုက်တာ။ ယာဉ်လိုင်းက ၅၂ ယာဉ်လိုင်း။ ဆယ်ဘီးကား ခရီးသည်တင်ကားကို ဝင်တိုက်ပေမယ့် သူဆွဲလှည့်ပုံရတယ်၊ သူကားရဲ့ ခါးပိုင်းလောက်နဲ့ ခရီးသည်တင်ကား နောက်ပိုင်းနဲ့ တိုက်တယ်။ ခေါင်းပိုင်းက တစ်ဖက်ယာဉ်ကြောက ရေသန့်ဗူးပို့တဲ့ကားကို တိုက်တာ။ ရေသန့်ကားက ယာဉ်မောင်းက မှတ်တိုင်ကိုတိုက်မိပြီး ကားလည်း အတော်ထိပြီး နေရာတင်ဆုံးတယ်။ သူ့ကားနဲ့ တိုက်မိတဲ့ မှတ်တိုင်မှာကားစောင့်နေတဲ့သားအမိမှာလည်း အမေဖြစ်သူက အခြေအနေ ဆိုးတယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသား နှစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ အမျိုးသမီး လေးဦး ဒဏ်ရာရရှိကာ တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက လှိုင်သာယာဆေးရုံဆီ ပို့ဆောင်ပေးပြီး၊ အဲ့ဒီကနေမှ ပြင်းထန်ဒဏ်ရာရရှိသူအမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံလွှဲပြောင်းတာကြောင့် လိုက်လံပို့ဆာင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။