◾️ အသက် ၇၂ နှစ်ရှိ သေနတ်သမားအား ပစ်ခတ်မှုအပြီး ၁၂ နာရီအကြာတွင် အသေဖမ်းမိ
၂၃. ၁. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်ခရိုင်ရှိ Monterey Park မြို့တွင် ဇန်နဝါရီ ၂၁ ရက်ညက တရုတ်နှစ်သစ်ကူးပွဲအခမ်းအနားကျင်းပမှုတစ်ခုအပြီး ကပွဲရုံတစ်ခုတွင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူဆယ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီ၂၂ ရက် နံနက်ပိုင်းအထိ ထွက်ပြေးလွတ်မြောက်နေသေးသောသေနတ်သမားအား နောက်ယောင်ခံ လိုက်လံဖမ်းဆီးနေကြောင်း လော့စ်အိန်ဂျယ်ခရိုင်ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားရာနေရာသို့ ည ၁၀ နာရီခွဲတွင် ရောက်ရှိလာကြချိန်၌ သေနတ်သမားက ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်း၊ သို့သော် သေနတ်သမားသည် ထင်ရှားပေါ်လွင်ပါကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ သေနတ်သမားအနေနှင့် ပစ်ခတ်မှုတွင် လူအချို့ကို ရည်ရွယ်၍ ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့ခြင်းလောဟု ပြောကြားရန် အချိန်စောပါသေးကြောင်းလည်း ရဲတပ်ဖွဲ့ကဆိုသည်။
လော့စ်အိန်ဂျယ်မြို့လယ်မှ ၁၀ မိုင်ခန့်ဝေးကွာပြီး အာရှတိုက်သားအများအပြားနေထိုင်ကြသော Monterey Park မြို့က လူဦးရေ ၆၀,၀၀၀ ခန့်ရှိပြီး ပစ်ခတ်မှုမဖြစ်ပွားမီကျင်းပနေခဲ့သော တရုတ်နှစ်သစ်ကူးအခမ်းအနားသို့လည်း လူထောင်နှင့်ချီ၍ လာရောက်ခဲ့ကြသည်။
ထို့ကြောင့်လည်း အနီးအနားတွင်နေထိုင်ကြသူများက သေနတ်သံများကို ၎င်းတို့အနေနှင့် နှစ်သစ်ကူးပွဲမှ မီးရှူးမီးပန်းများပစ်လွှတ်သံများဟု မူလကထင်ခဲ့ကြကြောင်း ပြောခဲ့သည်။ Monterey Park မြို့၌ ဇန်နဝါရီ ၂၂ ရက်အတွက် တရုတ်နှစ်သစ်ကူးပွဲကျင်းပမှုကိုလည်း ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ဤပစ်ခတ်မှုက အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီလအတွင်း၌ပင် လူသေဆုံးမှုများဖြစ်ခဲ့ရသော အစုလိုက် အပြုံလိုက်ပစ်ခတ်မှုများအနက် ပဉ္စမမြောက်လည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ ၂၀၂၂ ခုနှစ်အတွင်းကလည်း နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုများကြောင့် သေဆုံးရသူ ၆၄၇ ဦးရှိခဲ့ကြောင်း သိရသည်။
ထပ်မံသိရသော နောက်ဆုံးသတင်းများအရ ထွက်ပြေးသွားသော အသက် ၇၂ နှစ် ရှိ သေနတ်သမားအား ပစ်ခတ်မှုဖြစ်ပွားအပြီး ၁၂ နာရီအကြာ ဇန်နဝါရီ ၂၂ ရက်တွင် ရဲတပ်ဖွဲ့က ဗင်ကားတစ်စီးအတွင်း ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ထားသောဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
Ref-CBS