
MT News
၁၁. ၄. ၂၀၂၅
မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန်က ပြင်းအား ၇ ဒသမ ၇ အဆင့်ဖြင့် ဖျက်အားပြင်းစွာ လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက် ၃၇ ခုမှ သံဃာ ၅၄ ပါးနှင့် သီလရှင်အပါး ၅၀ အပါအဝင် ၁၇၀ ဦး ပျံလွန်တိမ်းပါးခဲ့ရသည်ဟု သိရသည်။
ပျံလွန်မှုတွင် ဇိနောဒယစာသင်တိုက်က ရဟန်း ၈ ပါး၊ သာမဏေ ၃ ပါးဖြင့် ဆုံးရှုံးမှုကြီးမားခဲ့သလို သုတေသကချောင်က သီလရှင် ၁၄ ပါးဖြင့် ဆုံးရှုံးမှု များပြားခဲ့ရသည်။ ထို့အတူ ရွှေဟင်္သာတိုက်သစ်က ရဟန်း ၁ ပါး၊ သာမဏေ ၅ ပါးနှင့် လူ ၁၂ ဦးသေဆုံးခဲ့သလို ရတနာသိင်္ဂီပရဟိတ သီလရှင်ကျောင်းကလည်း သာမဏေတစ်ပါး၊ သီလရှင်တစ်ပါး၊ စာသင်သား ကျား/မ ၁၄ ဦးအထိ ဆုံးရှုံးခဲ့ရသည်။

အလားတူ သကျဓိတာသီလရှင်စာသင်တိုက်နှင့် ချမ်းအေးသာစံချောင်တို့ကလည်း သီလရှင် ၆ ပါးစီ တိမ်းပါးခဲ့ရပြီး စုစုပေါင်း ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃၇ ကျောင်းတို့မှ စာသင်သားနှင့် စာချသံဃာ ဆုံးရှုံးမှုစာရင်းမှ ရဟန်း ၂၅ ပါး၊ သာမဏေ ၂၉ ပါး၊ သီလရှင် အပါး ၅၀ ပျံလွန်တိမ်းပါးခဲ့ကာ အမျိုးသား (ကလေးသူငယ်အပါ) ၂၁ ဦး၊ အမျိုးသမီး(ကလေးသူငယ်အပါ) ၄၅ ဦး သေဆုံးခဲ့ရသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ရာ ဧပြီ ၁၀ ရက် နံနက်ပိုင်းအထိ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိခဲ့ရသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၅ ဦးရှိသည်ဟု သိရှိရသည်။

ငလျင်ဘေးဒဏ်ကြောင့် အခြားထိခိုက်ပျက်စီးမှုများ အနေဖြင့် နေအိမ်စုစုပေါင်း ၆ သောင်းကျော်ပျက်စီးဆုံးရှုံးခြင်း၊ စာသင်ကျောင်းပေါင်း ၂၃၆၆ ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်ပေါင်း ၃၅၁၄ ကျောင်းပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၅၆၂၀ ပျက်စီးဆုံးရှုံးခြင်းနှင့် ဆေးရုံဆေးခန်း ၂၉၁ ခု ပျက်စီးဆုံးရှုံးခြင်းများအပြင် ဗလီနှင့် အခြား ဘာသာရေးအဆောက်အအုံ ရာဂဏန်းခန့်လည်း ပျက်စီးခဲ့သည်။