




၁၀.၄.၂၀၂၅
Written By Thandar
“သူတော် တစ္ဆေ” ရုပ်ရှင်ဇာတ်ကားပြသလို့ ရရှိလာတဲ့ အမြတ်ငွေ ၁၀၀ ရာခိုင်နှုန်းအားလုံးကို ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားဖို့ Family Show ပွဲကို ယနေ့ ဧပြီ ၁၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ Kantaryar Shopping Mall ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။
“ကိုယ်တိုင်လိုက်လှူနေတော့ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဆုံးရှုံးရတယ်ဆိုတာကို မြင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် ရသမျှငွေကို ၁၀၀ ရာခိုင်နှုန်းအားလုံးကို လှူမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ အကုန်လှူသွားမှာပါ။ ဒီရုပ်ရှင်ကို လာကြည့်တဲ့သူတွေရဲ့ အလှူကို တစ်ဆင့်ခံပြီး လှူပေးသလို ဖြစ်သွားမှာပါ ”လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောပါတယ်။
Indra Film Production က Family Show ပွဲမှာတော့ အနုပညာတွေဖြစ်တဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ကျော်ရဲအောင်၊ ထွန်းထွန်း၊ သုတအောင်၊ ဇာတ်ညွှန်းကိုအောင်ကြီး စတဲ့ အနုပညာရှင်တွေနဲ့ အတူ ဆရာတော်အရှင်ကုမာရတို့ကလည်း တက်ရောက်ခဲ့ပြီး ငလျင်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးကြသူတွေကို ငြိမ်သက်ပြီး ဝတ်ပြုဆုတောင်းမေတ္တာပေးပို့ခဲ့ကြပါတယ်။
ရုပ်ရှင်ဇာတ်ကားမပြသမီမှာ Miss Universe Myanmar ၊ Tun Tun Fans ၊ ဆရာတော်အရှင်ကုမာရစတဲ့ အဖွဲ့အသီးသီးက ငလျင်ဘေးအတွက် ငွေ ကြေးတချို့ကို ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်း၊ စီစဉ်သူ အောင်ကြီး၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရိုက်ကူးပြီး သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ ချမ်းသာကြည်စိုး၊ ခင်လှိုင်၊ သုတအောင်၊ ရဲလွင်ဦး၊ ဘရမ်ဒိုလီ၊ ဥက္ကာကျော်၊ မျိုးစန္ဒီကျော်၊ အိမ့်ချစ်ချစ်၊ မှုံနံ့သာကျော်ရဲအောင်၊ အေးသီတာ၊ ထက်လူ စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
ပထမ ရုံတင်ရက်က မြန်မာသင်္ကြန်နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်ပြသဖို့ စီစဉ်ထားပေမယ့် ရက်ရွှေ့ဆိုင်းပြီးမှ ပြသမယ်လို့ သိရပါတယ်။