MT News
Written by Min Mahar
ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက မြနန္ဒာစစ်ဆင်ရေးဟုဆိုပြီး Vomdy Front- Warrior ၊ NGUFF မြေခွေးတပ်ဖွဲ့၊ Acid Arm PDF MDY အဖွဲ့တို့မှ ပူးပေါင်းကာ မဟာအောင်မြေ မြို့နယ်လဝကရုံးအား လက်ပစ်ဗုံးပစ်ဖောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိဘဲ Error တက်ကာဖောက်ခွဲ၍မရခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက် နေ့လည်တွင် ဝန်ခံပြောဆိုထားသည့် ထုတ်ပြန်ကြေညာချက်ကို တွေ့ရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် (၁) လမ်းပေါ်ရှိ မဟာအောင်မြေ မြို့နယ်လဝကရုံးကို မန္တလေး PDF အဖွဲ့က လက်ပစ်ဗုံးတစ်လုံးပစ်ဖောက်ခဲ့ကာ ပေါက်ကွဲမှုမရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၂၁ ရက် နေ့လည်တွင် Voice of Mandalay Telegram တွင် ကြေညာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုခဲ့ရာ ပေါက်ကွဲမှုမရှိသေးသည့် လက်ပစ်ဗုံးတစ်လုံးတွေ့၍ နေ့လည် ၂ နာရီခွဲခန့်တွင် ယမ်းပျော့ကပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း သိရသည်။
“မဟာအောင်မြေလဝကရုံး ဗုံးပစ်ခံရတာ ဟုတ်တယ်။ မနေ့ကတည်းက PDF အဖွဲ့က ပစ်သွားပြီးတော့ မပေါက်ကွဲဘူးလို့ သူတို့ တယ်လီဂရမ်မှာ ကြေညာမှ တပ်ကသိသွားပြီး သွားရှာတော့ တကယ်တွေ့လို့ ယမ်းပျော့ကပ် ဖောက်ခွဲဖျက်ဆီးခဲ့ရတယ်လို့ ကြားတယ်။ အခုတလော သူတို့အဖွဲ့တွေ ရွေးကောက်ပွဲ မဖြစ်အောင်ဆိုပြီး ဗုံးတွေပစ်၊ ပြည်သူတွေကို ဒလန်လို့စွပ်စွဲ သတ်ဖြတ်မှုတွေ လုပ်နေတာ စိပ်လာပြန်တယ်” ဟု အဆိုပါ လဝကရုံးအနီးနေထိုင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် ၎င်းတို့ကြေညာချက်တွင် ” မြနန္ဒာစစ်ဆင်ရေးအနေဖြင့် SAC အဖွဲ့မှ ကျင်းပမည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကူညီနေကြသော နောက်လိုက် အုပ်ကြီးများနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်သွားမည်” ဟု ခြိမ်းခြောက်ထားသည်ကိုလည်း တွေ့ရသည်။