
သေဒဏ်ပေး သတ်ဖြတ်ခံရသူများကို လူသတ်၊ မုဒိမ်းမှုကျူးလွန်သူများဟု အမည်တပ်ထားသော်လည်း တပ်မတော်ထံ သတင်းပေးမှုနှင့် ဒလန်အမည်တပ်ဖမ်းဆီးထားသူများပါဝင်နေ၍ လူမြင်ကွင်းတွင် သတ်ပြဟု ဒေသခံတချို့ပြော
၁၀. ၄. ၂၀၂၅
Written by Nay Moe
တရုတ်ကိုးကန့် MNDAA အကြမ်းဖက်လက်နက်ကိုင်တွေ နယ်မြေလုယက်သိမ်းယူထားတဲ့ လားရှိုးမြို့မှာ ဒီမနက်က လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူ အမည်တပ်ပြီး လူငယ် ၅ ဦးကို ကိုးကန့်လက်နက်ကိုင်တွေက အများပြည်သူရှေ့မှာပဲ ရက်စက်စွာပစ်သတ်ပြီး သေဒဏ်ပေးလိုက်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီနေ့ ဧပြီ ၁၀ ရက်မနက်က လားရှိုးမြို့၊ မန်ဆူကျောင်းအနောက်ဘက်မှာရှိတဲ့ ကိုးကန့်ပါတီရုံးမှာ အမိန့်ချခဲ့တာဖြစ်ပြီး သေဒဏ်ပေးခံရသူ ၅ ဦးကို လေယာဉ်ကွင်းသွားတဲ့လမ်းက ဟိုပိတ်ဘက်မှာ သေနတ်နဲ့ အများရှေ့တင် ပစ်သတ်လိုက်တာပါ။




MNDAA ဟာ ၂၀၂၄ မေလထဲမှာလည်း လားရှိုးမြို့နယ်အတွင်း လုယက်မှုကျူးလွန်သူဆိုတဲ့ခေါင်းစဥ်နဲ့ လူ ၄ ဦးကို သေဒဏ်ပေးခဲ့သလို ၂၀၂၄ ဒီဇင်ဘာ ၅ ရက်မှာလည်း လောက်ကိုင်မှာ လူ ၆ ဦးကို သေဒဏ်ပေးခဲ့ပေမဲ့ လူမြင်ကွင်း သတ်မပြခဲ့ဘဲ သူတို့ ဆုတ်ခွာရမယ်ဆိုတဲ့ လားရှိုးကိုကြမှ လူမြင်ကွင်း သတ်ပြလိုက်တာပါ။
“မနှစ်က မေလထဲမှာလည်း လေးယောက်ကို သေဒဏ်ပေးတယ်။ ဒါပေမဲ့ လူမြင်ကွင်းမှာ သတ်ပြတာ မဟုတ်ဘူး။ ဒီနှစ်မှာလည်း လူ ၈ ယောက်ကို စီရင်သွားတယ်ပေါ့။ သုံးယောက်ကိုတော့ တစ်သက်တစ်ကျွန်းပဲ ချတာ။ ကျန်တဲ့ငါးယောက်ကိုတော့ ချက်ချင်းခေါ်ထုတ်သွားပြီး လူမြင်ကွင်းမှာတင် ပစ်သတ်လိုက်ကြတာ။ ဒီမှာ မနှစ်က တပ်ကနေ လားရှိုးကို ဗုံးကြဲတော့ တပ်သတင်းပေး၊ ဒလန်၊ သူလျှိုဆိုပြီး ဖမ်းထားသူတွေ ၄၀ လောက်မှာ တချို့ကပဲ ပြန်လွတ်လာပြီး အများစုကို သတင်းဖျောက်ထားတယ်။ အခုလည်း သေဒဏ်ပေးပြီး အသတ်ခံရသူတွေက တပ်သတင်းပေးမှုနဲ့ ဖမ်းခံထားရသူတွေလို့ ပြောနေတာ။ လူသိအောင်ထုတ်ပြောလည်း ကိုယ့်ပါဖမ်း အသတ်ခံရမှာကြောက်တော့ မိသားစုက မပြောရဲကြဘူးပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဥ်ကို တအာန်းလက်နက်ကိုင် TNLA ရဲ့ မီဒီယာ ရွှေဖီမြေက ပုံနဲ့တကွ ဖော်ပြရာမှာတော့ ဒီမနက်မှာ ကိုးကန့်တပ် စီရင်ခံရသူတွေဟာ လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှုတွေကျူးလွန်ထားသူလို့ ဖော်ပြထားပါတယ်။
MNDAA ဟာ ဧပြီ ၂၁ ရက်မှာ လားရှိုးမြို့က ထွက်ခွာပေးရမှာမို့လို့ လားရှိုးပြည်သူ့ဆေးရုံကြီးက ဆေးပစ္စည်းတွေ အကုန်ခိုးထုတ်နေတယ်လို့ သတင်းထွက်ပေါ်နေသလို လူငယ်တွေကို ပြစ်မှုအမည်တပ် လူမြင်ကွင်းရှေ့ ရက်စက်စွာပစ်သတ်ပြတာကလည်း ပြည်သူလူထုကို အကြောက်တရားနဲ့ အုပ်စိုးပြတာဖြစ်လို့ လားရှိုးမြို့ခံတွေကြားမှာ တရုတ်ကိုးကန့် MNDAA ရဲ့ ရက်စက်ယုတ်မာမှုတွေ မနှစ်မြို့ဖြစ်နေကြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာလည်း တရုတ်ကိုးကန့် MNDAA လက်နက်ကိုင်တွေက ဆယ်ကျော်သက် အမျိုးသမီးငယ်သုံးဦးကို မုဒိမ်းကျင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး အဝတ်ဗလာနဲ့ သီပေါမြို့နယ်၊ နားမခေါ်ရွာအနီးမှာ စွန့်ပစ်မှုဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဥ်ကို MNDAA က ငြင်းဆိုမှုမရှိခဲ့သလို ကျူးလွန်သူတွေကိုလည်း အရေးမယူခဲ့ပါဘူး။
Ref & Photo Shwe Phee Myay News Agency