
၁၀.၄.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းအစိုးရက ယူကရိန်းနဲ့ရုရှား စစ်မြေပြင်မှာ သိသာထင်ရှားတဲ့အရေအတွက်ရှိတဲ့ တရုတ်နိုင်ငံသားတွေက ရုရှားဘက်မှ ပါဝင်တိုက်ခိုက်နေကြတာကို တွေ့မြင်ရတယ်လို့ ဧပြီလ ၉ ရက်မှာ စွပ်စွဲပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
ယူကရိန်းအစိုးရက ရုရှားအစိုးရဟာ တရုတ်ကြေးစားစစ်သား ၁၅၀ ကျော်ကို လူမှုကွန်ရက်မှ ခေါ်ယူလက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အသေးစိတ်ထောက်လှမ်းရေးသတင်းတွေရခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အစိုးရတာဝန်ရှိသူတွေကတော့ ထိုစွပ်စွဲချက်ဆတွေက လုံးဝခိုင်မာမှုမရှိဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။
ယူကရိန်းအစိုးရရဲ့စွပ်စွဲချက်နဲ့ တရုတ်အစိုးရရဲ့ ငြင်းဆိုမှုတို့က သုံးနှစ်ကျော်ကြာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲမှာ အပစ်အခတ်ရပ်ဆိုင်းမှုရဖို့ အမေရိကန်အစိုးရရဲ့ကြိုးပမ်းမှုတို့နဲ့ တစ်ပြိုင်နက်တည်းထွက်ပေါ်လာတာပါ။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယူကရိန်းမြေပေါ်မှာ ရုရှားတပ်ဖွဲ့နဲ့အတူ တရုတ်စစ်သားနှစ်ဦးကိုဖမ်းမိခဲ့တယ်ဆိုတာ ဧပြီလ ၈ ရက် က ပြောခဲ့ပါတယ်။ ဒါက ယူကရိန်းစစ်ပွဲမှာ တရုတ်စစ်သားတွေ ပါဝင်နေတယ်လို့ ယူကရိန်းဘက်က ပထမဆုံးစွပ်စွဲတာလည်း ဖြစ်ပါတယ်။
ဧပြီလ ၉ ရက်မှာတော့ ဇယ်လန်စကီးက အကျဉ်းသားစစ်သားနှစ်ဦးကို ရုရှားတို့ဖမ်းဆီးထားတဲ့ ယူကရိန်းစစ်သားတွေနဲ့ လဲလှယ်လိုတယ်လို့ ပြောခဲ့ပါသေးတယ်။ သက်သေအထောက်အထားမပြနိုင်ပေမယ့် တရုတ်အစိုးရတာဝန်ရှိသူတွေဟာ ရုရှားအစိုးရရဲ့ တရုတ်ကြေးစားစစ်သားတွေစုဆောင်းဖို့ လှုပ်ရှားမှုကိုတော့ သတိပြုမိလာကြတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် ဇယ်လန်စကီးက ယူကရိန်းအစိုးရဆီမှာ ရုရှားဘက်ကဝင်တိုက်ပေးနေတဲ့ တရုတ်ကြေးစားစစ်သား ၁၅၅ ဦးရဲ့ နောက်ဆုံးအမည်တွေနဲ့ နိုင်ငံကူးလက်မှတ် အချက်အလက်ဇယားတွေကိုရရှိထားပြီး ဒီထက်ပိုတဲ့ တရုတ်ကြေးစားစစ်သားတွေ ရုရှားဘက်က ဝင်တိုက်ပေးနေတယ်လို့ သူ့အနေနဲ့ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားနိုင်ငံတို့က ယူကရိန်းစစ်ပွဲစဖြစ်တဲ့အချိန်ကစလို့ အလွန်ကောင်းမွန်တဲ့ သံတမန်ဆက်ဆံမှု ရှိကြပါတယ်။ တရုတ်က ရုရှားကို လက်နက်အဖြစ်အသုံးပြုနိုင်တဲ့ စက်ပစ္စည်းတွေနဲ့ မိုက်ခရိုအီလက်ထရွန်နစ်ပစ္စည်းတွေကို ယူကရိန်းစစ်ပွဲကာလအတွင်းရောင်းခဲ့တယ်လို့ အနောက်အုပ်စုအရာရှိတွေက စွပ်စွဲထားပါတယ်။
Ref- AP