
၁၀. ၄. ၂၀၂၅
Written by Nyein Kyaw
သင်္ကြန်ရုံးပိတ်ရက် ကားလက်မှတ်အခက်အခဲနှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ရထားလက်မှတ် ကြိုတင်ဝယ်ယူသူများပြားသဖြင့် အထူးရထားခရီးစဉ်အားလုံးနီးပါး အထူးတန်းနှင့် အထက်တန်းလက်မှတ်များ ကုန်နေပြီဖြစ်ကာ ရိုးရိုးတန်းလက်မှတ်သာကျန်ရှိတော့ကြောင်း ရထားလက်မှတ်အရောင်းဌာနမှ သိရသည်။
ဧပြီ ၁၀ ရက် (ယနေ့)တွင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်- နေပြည်တော် ရထားခရီစဉ်းများအတွက် အထူးတန်းနှင့် အထက်တန်းများကုန်နေပြီဖြစ်သလို ရိုးရိုးတန်းအတွက်ကိုလည်း လာရောက်တန်းစီဝယ်ယူနေခြင်းကို တွေ့ရှိရသည်။


“ကားလက်မှတ်က တရားဝင်ဂိတ်တွေကိုက သင်္ကြန်ရက်အတွက် လက်မှတ်ဈေးနှုန်းတက်နေတာ၊ ရန်ကုန်-ပြည်ကို အရင်က ၁၃,၀၀၀ ကနေ အခု ၁၅,၀၀၀ ဒါက ဂိတ်ကိုက တက်တာနော်။ သင်္ကြန်ရက် ကြားခုံတွေ၊ အပြင်ကားတွေနဲ့ တရားမဝင်တွေ မပါသေးဘူး” ဟု ရန်ကုန်-ပြည် လက်မှတ်ဝယ်ယူသူတစ်ဦးက ပြောသည်။
မြန်မာ့မီးရထားအနေဖြင့် သင်္ကြန်ရုံးပိတ်ရက် အိမ်ပြန်လိုသည့် ဝန်ထမ်းများနှင့် မိဘပြည်သူများအတွက် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပုံမှန်ပြေးဆွဲပေးနေသည့် ရထားခရီးစဉ်များအပြင် အထူးရထားအစီအစဉ်များ တိုးချဲ့ပြေးဆွဲပေးနေခြင်းဖြစ်သည်။
သို့သော်လည်း ငလျင်ဒဏ်ကြောင့် တချို့ကားလမ်းများ ပျက်စီးနေခြင်းကြောင့် ပုံမှန်အချိန်ထက် ပိုကြာမြင့်မှုအပြင် ကားလက်မှတ်အခက်အခဲနှင့် ဈေးနှုန်းကြီးမြင့်တက်မှုများ ရှိနေခြင်းကြောင့် ရထားခရီးစဉ်များကို ပိုမိုရွေးချယ်လာကြခြင်းကြောင့် ယခင်နှစ်များထက် ရထားခရီးစဉ်ကို ပိုမိုရွေးချယ်လာကြခြင်းဖြစ်ကြောင်း သိရသည်။



“အစ်မတို့က နေပြည်တော်ကို ပြန်ရမှာ အထူးတန်းရော၊ အထက်တန်းရော မရတော့ဘူး။ DEMU လည်း မရတော့ဘူး။ ရတဲ့ရိုးရိုးတန်းကိုပဲ တန်းစီဝယ်ရတာ။ နေပြည်တော်ကိုက ရထားအားလုံးက ရိုးရိုးတန်းပဲ ရတော့တာမို့ တန်းစီဝယ်နေတာ” လို့ နေပြည်တော်ပြန်ရန် ရထားလက်မှတ်တန်းစီဝယ်ယူနေသူ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
ရထားခရီးစဉ်များအနေဖြင့် သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)အထိ ရထားခရီးစဉ်များ ရပ်နားထားမည်ဖြစ်၍ မြန်မာ့မီးရထားအနေဖြင့် ဧပြီ ၁၁ ရက်၊ ၁၂ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်သလို ရန်ကုန်-နေပြည်တော်-ရန်ကုန်အတွက်လည်း ပုံမှန်အတိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။