
၁၀. ၄. ၂၀၂၅
Written by Nay Moe
မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ငလျင်ကြောင့် NUG က အပစ်အခတ်ရပ်စဲမယ် ကြေညာထားပေမဲ့ PDF တွေက မလိုက်နာဘဲ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်နေသလို တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာအနီးမှာ ဧပြီလ ၉ ရက်နေ့ညနေပိုင်းက ကားတစ်စီးနဲ့ပြန်လာတဲ့ ရဲအုပ် ၁ ဦးအပါအဝင် ၃ ဦးကို ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီမနက်မှာ ဝန်ခံလာပါတယ်။







ဧပြီ ၉ ရက် ၅ နာရီခန့်မှာ အေးချမ်းသာကျေးရွာဘက်ကနေ ပြန်လာတဲ့ မာရမ်းရဲစခန်းက ရဲအုပ်မင်းအောင်စိုးဦးစီးတဲ့ ရဲအဖွဲ့ကို ဖော့သုတ်ကျေးရွာအနီးက သင်္ချိုင်းမှာ ကော့သောင်း PDF တွေက အလစ်အငိုက်ယူ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ကြတာပါ။
ပစ်ခတ်မှုအတွင်း ရဲအုပ်မင်းအောင်စိုး၊ ဒုရဲအုပ်မျိုးလင်းကိုနဲ့ ရဲဒုတပ်ကြပ်စည်သူတို့ ၃ ဦး နေရာတင် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး မောင်တူးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ ၄၀ မမ ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ AK အမျိုးအစား သေနတ် ၂ လက်၊ AK ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၉၄ တောင့်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ အတောင့် ၅၀ ၊ ၆ လုံးပြူးသေနတ် ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစားသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ ပိုက်ဆံ ၂၅၀၀၀ ကျပ်တို့ကို လုယက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ချောင်းမြောင်းပစ်ခတ်မှုကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF တွေ ကျူးလွန်တာဖြစ်ပြီး ဒီလို ချောင်းပစ်နိုင်လို့လည်း PDF တွေ ထိခိုက်ဒဏ်ရာမရဘူးလို့ ပြောပါတယ်။